တော်လှန်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သော မုံရွာမြို့ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)ရှိ  စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ပြည်သူနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေခပ်ဆင်းလာသော ပြည်သူတစ်ဦးနှင့် ဆိုင်ကယ်စီးနင်းလာသော ပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု Monywa The Boys ၏ ခေါင်းဆောင် ဒေါနမောင်မောင်က The 74 Media ကိုပြောသည်။

“အဓိကကတော့ အဲ့ လဝက ရုံးကတော်တော်ဆိုးနေတယ်ဗျ။ မိန်းကလေးတွေကို အဓမ္မပြုကျင့်နေတာတွေရှိတယ်ဗျ။ ဟိုနေ့က ဆရာလေးနှစ်ပါးကို။ အဲ့တာတွေ ကျတော်တော်ဆိုးတယ်ဗျ။ အဲ့ဒါတွေကြောင့် ကျွန်တော်တို့သွားပြီး ဖြိုတာဗျ။ လက်နက်အခက်အခဲလေးတွေရှိတဲ့အတွက် လက်နက်ကြီးတွေမပါတော့ ကျွန်တော်တို့ မဖြိုလိုက်နိုင်တာပါဗျ” ဟု ပြောသည်။

အဆိုပါလဝကရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမျိုးသမီး ငါးဦးထက်မနည်းကို အဓမ္မပြုကျင့်မှုကျူးလွန်ခဲ့ပြီး နှစ်ဦးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သူက ဆက်ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသူကဆက်ပြောသည်။

အဓမ္မပြုကျင့်မှုများနှင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်နှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ယနေ့ နံနက် ၁၀ နာရီခန့်က မုံရွာမြို့အတွင်း ထွက်ပေါ်ခဲ့ကြောင်း မုံရွာမြို့ခံ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“စက်မှုဇုံဘက်မှာ ပစ်နေကြတာ မနက်က။ စက်သေနတ်တွေနဲ့ ပစ်ကြတာပဲ။ ကျွန်တော်ကတော့ အသံပဲကြားလိုက်တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းခံရသူနှစ်ဦးမှာ ဆားကျင်းကျေးရွာမှ အသက် ၄၁ နှစ်အရွယ် ကိုအောင်ကြီးဖြစ်ပြီး အခြားအမျိုးသားတစ်ဦး၏ အသေးစိတ်အချက်အလက်ကို မသိရှိရသေးပါ။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၃ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင် တပ်ရင်း – ၄ တပ်ခွဲ – ၃ Monywa Nightking PDF၊ မုံရွာခရိုင်တပ်ရင်း – ၄ တပ်ခွဲ – ၄ (5/ Teachers People Defense Force PDF)၊ မုံရွာခရိုင်တပ်ရင်း – ၇ (Lighting People Defence Force)၊ ယင်းမာပင်ခရိုင် တပ်ရင်း – ၂၈ ဓားမဆိုင်းမတော်၊ မုံရွာခရိုင် တပ်ရင်း – ၁၁ PDF – South Monywa၊ Spring Dove နှင့် ယက္ခညီနောင်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အဆိုပါလူဝင်မှုကြီးကြပ်ရေးရုံး (လဝက) အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Chindwin Attack Force တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ – Monywa The Boys ကဦးဆောင်ပြီး အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူး‌ပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – Monywa The Boys

သင့်ထင်မြင်ချက်ရေးပေးပါ