စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မြစ်ကြီးနားမြို့တွင် ပထမဆုံးကျဆုံးခဲ့သူနှစ်ဦး၏ နှစ်နှစ်ပြည့်အောက်မေ့ဖွယ်အစီအစဉ်ကို ရာဒါကောင်းသုဿာန်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးကိုကိုလေး (ခ)ဦးချိုတားနှင့် ကိုဇင်မင်းထက်တို့ကျဆုံးခြင်း နှစ်နှစ်ပြည့်အစီအစဉ်တွင် ပန်းစည်းချခြင်း၊ ကျဆုံးသူများကို အလေးပြုခြင်း၊ တော်လှန်ရေးသစ္စာပြုခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ပြုလုပ်ခဲ့ကြောင်း Kachin State Civillian Movement (KSCM) အဖွဲ့ဝင် လူငယ်တစ်ဦးက The 74 Media ကိုပြောသည်။

“စစ်အာဏာရှင်ဆန့်ကျင်ရေး သူရဲကောင်းအယောက်ချင်းစီတိုင်းကို ဘယ်တော့မှမမေ့ဘူး။ သူတို့ရဲ့ စွန့်လွတ်ခဲ့မှုတွေအတွက် ကျွန်တော်တို့ အမြဲတမ်းဦးညွတ်လေးစားနေမယ်ဆိုတဲ့အကြောင်းကို ပြချင်လို့ ဒီနေ့ နှစ်နှစ်ပြည့်အစီအစဉ်ကို အခက်အခဲတွေကြားထဲကရအောင် ပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့က အောင်နန်းရိပ်သာရပ်ကွက်၊ စိန့်ကိုလန်ဘန် ကက်သလစ်ဘုရားကျောင်းရှေ့တွင် ဆန္ဒပြနေသည့် လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သောကြောင့် အသက် ၆၂ နှစ်အရွယ် ဦးကိုကိုလေးနှင့် အသက်၂၄ နှစ်အရွယ် ကိုဇင်မင်းထက်တို့ ကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ဦးကိုကိုလေး၏ ရုပ်အလောင်းကို ထိုနေ့ ညနေတွင် အစ္စလာမ်ဘာသာရေးထုံးစံအရ မြေမြုပ်သင်္ဂြိုဟ်ခဲ့ပြီး ကိုဇင်မင်းထက်၏ ရုပ်အလောင်းကို နောက်တစ်နေ့တွင် သင်္ဂြိုဟ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ စစ်ကောင်စီတပ် အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကာလအတွင်း သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူစုစုပေါင်း ၃၆၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – Kachin State Civillian Movement (KSCM)

သင့်ထင်မြင်ချက်ရေးပေးပါ