ဆယ်ဇင်းကျေးရွာအနီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စခန်းသုံးခုအတွက် ဒေသခံများက ကတုတ်ကျင်းတူးဖော်ပေးနေရပြီး ဒေသခံများကိုလည်း စစ်ရှောင်တိမ်းခွင့်မပြုကြောင်း သိရသည်။
ပါဟုတ်ကြီးရွာ၊ ရာလာတီးရွာ၊ ရွှေတွင်း၊ ရွှေတွင်းလမ်းဆုံနှင့် သံယောဇဉ်စသည့် ရွာငါးရွာမှ တစ်ရက်လျှင် တစ်ရွာ၊ တစ်အိမ်လျှင် တစ်ယောက်နှုန်းဖြင့် ဒေသခံများကို ဩဂုတ်လ ၂၂ ရက်နေ့ကစတင်ကာ တစ်ပတ်ခန့်အထိ အလှည့်ကျကတုတ်ကျင်း တူးဖော်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပြည်သူတွေက မသွားချင်လည်းမရ သွားနေရတယ်။ သူတို့ကို(SNA)ကြောက်လို့ မလာတဲ့သူ။ သူတို့ကိုအာခံတဲ့သူကို ပစ်သတ်မယ်ဆိုပြီးပြောတာ။ ရွာသားတွေက ကြောက်တဲ့အခါကျတော့ လာကြတာ။ တစ်အိမ်တစ်ယောက် ကတုတ်ကျင်း၊ လိုင်းကျင်းတွေတူးခိုင်းတာ။ ခြံတွေကာခိုင်းတယ်” ဟုပြောသည်။

တစ်ရက်လျှင် ၈ နာရီခန့် မြေတူးဖော်ပေးခဲ့ရပြီး အမျိုးသားမရှိသည့် အိမ်များတွင် အမျိုးသမီးများက ကိုယ်စားသွားရောက် တူးပေးရကြောင်းသူကဆက်ပြောသည်။

SNA တပ်၏ စခန်းသုံးခုမှာ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေပြည်မြင့်၊ ရွှေတွင်းနှင့် သံယောဇဉ်ကျေးရွာအနီးတွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး ဆယ်ဇင်းဒေသတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဆောက်လုပ်နေသော စခန်းများဖြစ်ကြောင်း ၎င်းကပြောသည်။။

“ပြည်သူတွေက ရှောင်ဖို့လုပ်တဲ့အခါမှာ ရှောင်ရင် အိမ်တွေကိုမီးရှို့ပစ်မယ်။ နောက်ကိုလည်း ပြန်လာနေလို့မရအောင် လုပ်ပစ်မယ်လို့ပြောတယ်။ သတ္တိရှိရင် ရှောင်ကြည့်လို့ပြောတယ်။ အဲ့တာကြောင့် မရှောင်ကြတာပါနော်။ ရှောင်လို့မရတာပေါ့နော်” ဟုပြောသည်။

ထို့အပြင် ဆယ်ဇင်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတွင်လည်း ဟုမ္မလင်းဒေသခံများအား ခေါ်ယူကာ ကတုတ်ကျင်းတူးဖော်ခိုင်းနေကြောင်းသိရသည်။

တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ မီးရှို့ခံခဲ့ရသည့် ဆယ်ဇင်းရွာကျေးရွာတွင် တပ်မ ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း ခ.မ.ရ (၁၁၆)တပ် နှင့် ခ.မ.ရ (၃၈၅) တပ်မှ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ရဲစခန်းနှင့် ဘုရားငါးဆူ စသည့် နေရာများတွင် တပ်စွဲထားပြီး ဒေသခံအားလုံးမှာ စစ်ရှောင်နေကြောင်း မြေပြင်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အကုန်ထွက်သွားပြီ။ အခု အိမ်မရှိယာမရှိ ဒီတိုင်းလျှောက်သွားနေတဲ့ ဆေးသမားတို့၊ ဘာတို့ တစ်ယောက်နှစ်ယောက်ရှိတယ်။ လူကောင်းတွေက မရှိတော့ဘူး” ဟုပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးထောင်ကျော်နေထိုင်သည့် ဆယ်ဇင်းကျေးရွာမှ ဒေသခံများသည် မိုးညှင်း၊ ဖားကန့် နှင့် ဟုမ္မလင်းဒေသများသို့ စစ်ဘေးရှောင်နေရပြီး ဒေသခံများအတွက် စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြောင်းသိရသည်။

ဖားကန့်မြို့၊ ဆယ်ဇင်းဒေသတွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်ခြင်းနှင့် မီးတင်ရှို့ခဲ့သည့်ဖြစ်စဉ်ကြောင့် ဆယ်ဇင်းကျေးရွာ၏ သုံးပုံနှစ်ပုံခန့်မှာ မီးလောင်ပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ၄၀ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ