ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟိတ်ကျေးရွာတွင် ယမန်နေ့ ည ၈ နာရီခန့်က စစ်ကောင်စီတပ်ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ခဲ့သဖြင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မော်ဟိတ်ကျေးရွာအတွင်းသို့ ကွတ်ခိုင်မြို့အခြေစိုက် စစ်ကောင်စီ ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်သည်မှာ နှစ်ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း လုံခြုံရေးကြောင့်အမည်မဖော်လိုသူ မော်ဟိတ်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့(စစ်ကောင်စီ)က တခြားတစ်နေရာမှာ တိုက်ပွဲဖြစ်ပြီဆိုရင် ရွာထဲကို အဲ့လိုလက်နက်ကြီးတွေပစ်တတ်တာ။ စစ်ကောင်စီ ပစ်တဲ့လက်နက်ဆိုပြီး ပြောနိုင်ရတာက လမ်းကြောင်းမတူဘူးလေ။ KIA တွေက အဲ့ဘက်ကနေ ပစ်တာမှမဟုတ်တာ။ အရင်နှစ်တွေကလည်း တစ်ခါပစ်ဖူးတယ် လူလေးယောက်ဆုံးခဲ့ဖူးပြီ။ မနေ့ညကရော ကလေးတွေထိကြတာ။ အသက် ၈ နှစ်အရွယ်ကလေးကတော့ အဆိုးဆုံးပဲ၊ အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး” ဟု သူကပြောသည်။

လက်နက်ကြီးစထိမှန်သူများသည် အသက် ၈ နှစ်အရွယ် မောင်ဖောင်ယမ်နော်ဆန့်နန်နှင့် အသက် ၁၁ နှစ်အရွယ် မဖောင်ယမ်ခေါန်ဆန့်နန်တို့ မောင်နှမနှစ်ဦးအပြင် အသက် ၃၃ နှစ်ခန့် အမျိုးသားတစ်ဦး တို့ဖြစ်ကြောင်းသိရသည်။

လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သော မောင်နှမနှစ်ဦးကို ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီ ဖြစ်ကြောင်း အခြား ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကွတ်ခိုင်မြို့ တိုးဂိတ်ဘေးက ရွာက အိမ်တစ်ခုမှာ ဗုံးထိသွားတာဟုတ်တယ်။ အခုကတော့ ဗုံးကြောင့် ထိခိုက်ထားတဲ့ ကလေးနှစ်ယောက်ကို ဆေးရုံပို့ထားပါတယ်” ဟုပြောသည်။

ကေအိုင်အေ တပ်ရင်း ၉ နှင့် စစ်ကောင်စီတပ်ဖွဲ့များသည် ယမန်နေ့က ကွတ်ခိုင်မြို့နယ် ဒေသအခေါ် ကောင်ဆတ်တောင်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး နေ့လယ် ၂ နာရီခန့်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှစ်စီးဖြင့်လည်း လာရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

လက်နက်ကြီးကျရောက်ခဲ့သည့် မော်ဟိတ်ကျေးရွာတွင် လွန်ခဲ့သော ၂၀၁၉ ခုနှစ် ဩဂုတ်လကလည်း ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်သဖြင့် လသားအရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ငါးဦးသေဆုံးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် လူဦးရေစုစုပေါင်း တစ်သိန်းကျော်နေထိုင်ကာ မော်ဟိတ်ကျေးရွာသည် ကွတ်ခိုင် – မူဆယ်သွားလမ်း အေးရှားဝေါ တိုးဂိတ်အနီးတွင် တည်ရှိသည်။

Photo – CJ

 

သင့်ထင်မြင်ချက်ရေးပေးပါ