ဘောလခဲမြို့နယ် ဒေသအခေါ် ၁၂ မိုင်ကုန်းရှိ စစ်ကောင်စီစခန်းအနီးတွင် ယနေ့ နံနက် ၇ နာရီခန့်က အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ သေနတ် တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီစခန်းမှ ဝါးခုတ်ရန်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးနှင့် ဆယ်မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“စစ်ကောင်စီကုန်းရဲ့အောက်မှာ ဝါးသွားခုတ်တဲ့ သူတွေကို ကျွန်တော်တို့ ရဲဘော်တွေ အလစ်အငိုက်နဲ့ဝင်တိုက်သွားကြတာ။ အဲ့မှာကျွန်တော်တို့ရှေ့မှာပဲ သေတဲ့သူကလည်းသေတယ်။ ထွက်ပြေးတဲ့သူတွေကလည်း ပြေးကြတယ်။ သူတို့ ဘယ်တပ်ရင်းကလည်းဆိုတာတော့ အတည်ပြုလို့ မရဘူး။ ဘာလို့ဆို သူတို့က အရပ်ဝတ်တွေနဲ့ပဲနေလို့လေ” ဟုပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ MA – 3 ‌အမျိုးအစား‌ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂၁) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီပူးပေါင်းကာကွယ်‌ရေးတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့်ရက်ပိုင်းက ဖရူဆိုမြို့နယ် ငွေတောင်ကျေးရွာသစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး စစ်ကားတစ်စီး ပျက်စီးသွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ