စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ယနေ့ နံနက် ၈ နာရီခန့်က ဖားကန့်မြို့နယ် နောင်းမီကျေးရွာနှင့် ဝါရာဇွပ်ကျေးရွာကြားတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ကေအိုင်‌အေ တပ်ရင်း ၁၄ က ကျေးရွာအဝင်ဆိုင်းဘုတ်တည်ရှိသည့် တံတားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းပေါက်ကွဲသံ လေးချက်ကြားခဲ့ရသည်ဟု နောင်းမီကျေးရွာတွင် နေထိုင်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဗုံးလေးလုံလောက်ပေါက်တာ ကြားတယ်။ ခဏက ကားလမ်းကနေ စစ်ကောင်စီတပ်တွေဖြတ်သွားတယ်လို့ ရွာသားတွေ ပြောတာ” ဟုသူကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ရာမှ အထိအခိုက် အကျအဆုံးရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့နယ် လဝါးကျေးရွာရှိ အထက်တန်းကျောင်းတွင်လည်း ဩဂုတ်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များပစ်ဖောက် ဝင်ရောက်တပ်စွဲခဲ့သည်။

ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာ၊ အောင်ရာကျေးရွာနှင့် စံပြကျေးရွာတို့မှ ဒေသခံပြည်သူများကိုလည်း စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့က လွန်ခဲ့သည့် ဩဂုတ်လ ဒုတိယအပါတ်တွင် ကတုတ်ကျင်းများတူးထားကြရန် ကျေးရွာအုပ်ချုပ်ရေးမှူများမှတဆင့် အသိပေးခဲ့သည်။

နောင်းမီကျေးရွာအုပ်စုရှိသည့် ဖားကန့်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁၇၀၀ ကျော်ရှိပြီး လူဦးရေ ၁၂၀၀၀ ကျော်နေထိုင်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ