ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ယနေ့နံနက် ၉ နာရီခွဲခန့်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။
ကချင်လွတ်မြောက်ရေးတပ်(KIA) တပ်မဟာ(၆) တပ်ရင်း (၉) ၏ ရှေ့တန်းတပ်စခန်းသို့ စစ်ကောင်စီတပ်တို့ ချီတက်လာသောကြောင့် ကောင်ဆတ်တောင်အနီးတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေထိုးတက်လာတာ မနေ့ကတည်းက တိုက်ပွဲဖြစ်တယ်။ မနေ့ကလည်း သူတို့(စစ်ကောင်စီ) တော်တော်လေးကျသွားလို့ လေယာဉ်နဲ့ နှစ်ခါလာပစ်တယ်” ဟုပြောသည်။

လက်ရှိအချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အခုလေးတင်ပဲ ပြန်ပစ်နေကြပြီ။ မနေ့ကပွဲအဆက်ပေါ့ ညဘက်ခဏနားပြီး မနက်ပြန်စဖြစ်တာပေါ့” ဟုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့်သိန္နီကျေးရွာကြားရှိ မန်ပိန်းကျေးရွာအနီးတွင် စက်တင်ဘာလ ၄ရက်နေ့က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၃၉ ခုရှိပြီး လူဦးရေ တစ်သိန်းကျော် နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ