အင်အား ၈၀ ဝန်းကျင်ရှိသည့် တပ်မ ( ၈၈ ) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၇၇) စစ်ကြောင်းအား ဗိုလ်မိုးကြိုးဦးဆောင်သည့် မြို့လှ K-PDF တပ်ခွဲ ( ၁ )က ယမန်နေ့ နံနက် ရှစ်နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ရွှေကူမြို့၊ သာယာကုန်းကျေးရွာအနီးတွင် မြို့လှ K-PDF တပ်ခွဲ (၁)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကြောင်း K-PDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“မိုင်းကွင်းထဲရောက်လာလို့ ထိထိမိမိဆွဲလိုက်တာလေ။ နယ်မြေရှင်းလင်းရေးလုပ်တော့ သွေးစတွေ တွေ့တာပေါ့။ ထုတ်ပြန်ထားတဲ့အရေအတွက်ထက်တောင် ပိုနိုင်တယ် ထိခိုက်အရေအတွက်က” ဟုပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ သာယာကုန်းရွာအတွင်းရှိ အမျိုးသား ၅၀ ဦးထက်မနည်းအား ကျောက်ကြီးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး နေ့လည် ၂နာရီခန့်တွင် ပြန်လွတ်ပေးခဲ့ကြောင်း ၎င်းကပြောသည်။

“သူတို့က ပစ်ခတ်ရင်း ဝင်လာတဲ့အချိန် ရွာသူရွာသားတွေက ဘုန်းကြီးကျောင်းမှာ ရှောင်နေကြတာလေ။ အဲ့ဘုန်းကြီးကျောင်းက ဟာတွေကို ခေါ်သွားတာ။ ဝါးလုံးတွေနဲ့လည်းရိုက်တယ်။ ဘွတ်ဖိနပ်တွေနဲ့လည်း ကန်တယ်တဲ့။ လူငယ်တွေတော်တော်များများနှိပ်စက်ခံရတယ် ” ဟုပြောသည်။

အဆိုပါစစ်ကြောင်းသည် လက်နက်ကြီးလက်နက်ငယ်ဖြင့် အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်သည့်အတွက်ကြောင့် သာယာကုန်းကျေးရွာမှ အသက် ၆၀ အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦး၏ ပေါင်တွင် လက်နက်ကြီးထိမှန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် သာယာကုန်းကျေးရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်( PDF ) နှစ်ဦး၏ နေအိမ် နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။

အဆိုပါ ခလရ ၇၇ စစ်ကြောင်းသည် ရွှေကူဒေသတွင် စစ်ကြောင်းထိုးနေသော စစ်ကြောင်းတစ်ခုဖြစ်ပြီး ရွှေကူဒေသခံကာကွယ်ရေးပူးပေါင်းတပ်များနှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေကြောင်းသိရသည်။

Photo – Myo Hla PDF

 

သင့်ထင်မြင်ချက်ရေးပေးပါ