မြဝတီ – ကောကရိတ်လမ်း တစ်နေရာတွင် ယမန်နေ့နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး (KNLA) ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းက ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

တပ်မ (၂၂) လက်အောက်ခံ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခ.လ.ရ) ၈၁ က ဆက်ကြေးကောက်နေသည်ကို ကျားသစ်နက်စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ သူတို့ဆက်ကြေးကောက်တဲ့နေရာကို ပျောက်ကျားနည်း ချောင်းမြောင်းတိုက်ခိုက်တယ်။ အဲ့ဒီလို ဆက်ကြေးလာကောက်တဲ့ခါမှာ စစ်ကြောင်းမှုးပါလာတယ်။ အဲ့မှာ ကျွန်တော်တို့က မိုင်းဆွဲတိုက်ခိုက်တာ အဲ့မှာ အဲ့တစ်ယောက်အရင်ကျသွားတယ်။ အဲ့ချိန်သေနတ်ထွက်ကောက်တော့ ကျန်နေတဲ့သူတို့ (စစ်ကောင်စီ) အဖွဲ့က ပစ်ပြီး ပြေးဝင်လာတဲ့အခါကျတော့ အဆင်မပြေလို့ပြန်ဆုတ်ခဲ့ရတယ်” ဟုသူကပြောသည်။

သေနတ်သွားကောက်ချိန်တွင်လည်း ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သူကဆက်ပြောသည်။

နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အနီးရှိကျေးရွာအတွင်းသို့ လက်နက်ကြီး ရမ်သမ်းပစ်ခတ်ခဲ့သဖြင့် ထီးမူထကျေးရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်‌ဖော်ပြထားသည်။

မြဝတီ – ဝေါ်လေကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ကျော်ဘိုးဝါးဘုရားအနီးတွင်လည်း ဩဂုတ်လ ၂၈ ရက်နေ့က ကော်ဘရာ စစ်ကြောင်းနှင့်ပူးပေါင်းတပ်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာခံဗိုလ်တစ်ဦးနှင့် တပ်ကြပ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ