ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ယ‌နေ့မွန်းလွှဲ ၁ နာရီခန့်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့နယ် ခိုမုန်းကျေးရွာအနီးရှိ ကောင်ဆန်တောင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်းလွှဲ ၃ နာရီခန့်က လေယာဉ်ပစ်ဗုံးများကြဲချခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ခုလေယာဉ်နဲ့ လာပစ်နေပြီ ဗုံးအကြီးကြီးတွေနဲ့ပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ခြေလျင်စစ်ကြောင်းနဲ့လည်း အပြတ်တိုက်နေကြတယ်။ စစ်ကောင်စီတွေက ကေအိုင်အေတွေရှိတဲ့နေရာကို တက်လာပြီး အပြင်းအထန်ကိုပစ်နေကြတာ” ဟုသူကပြောသည်။

ကချင်လွတ်မြောက်ရေးတပ်(KIA) တပ်မဟာ (၆) တပ်ရင်း (၉) ရှေ့တန်းစခန်းတစ်ခုသို့ စစ်ကောင်စီစစ်ကြောင်း ချီတက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြေပြင်မှလည်း လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်နေကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက်ပိုင်းက စစ်ကောင်စီတွေ လက်နက်ကြီးနဲ့အရင် တောက်လျောက်ပစ်ပြီး ခြေလျင်တပ်တွေရောက်လာပြီး တိုက်ပွဲဖြစ်တာ။ ခုထိတောက်လျောက်ဖြစ်နေတာ လက်နက်ကြီးတွေလည်း ၁၀ ချက်မက ပစ်နေကြတာ” ဟုသူကပြောသည်။

ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ကြားရှိ မန်ပိန်းကျေးရွာအနီးတွင်လည်း စက်တင်ဘာ ၄ ရက်နေ့က စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ကွတ်ခိုင်မြို့နယ်တွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၃၉ ခုရှိပြီး လူဦးရေတစ်သိန်းကျော် နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ