စစ်ကိုင်းတိုင်း မုံရွာ – မန္တလေးလမ်းမကြီးတစ်နေရာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ နံနက် ၁၁ နာရီခန့်က ဒရုန်းဖြင့် တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်သည်အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း Farmers Revolution Force (FRF) CHUမှ တာဝန်ခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီက နှစ်သုတ်ခွဲပြီးတော့ကို ရွာတွေကို စစ်ကြောင်းထိုးလာတာ။ အဲ့မှာ ကျွန်‌တော်တို့က ဒရုန်းနဲ့ ပစ်ချလိုက်တာပေါ့နော်။ ဒရုန်းနဲ့တိုက်ပြီးတော့ သူတို့ဘက်က ရမ်းသမ်းပစ်တာတွေတော့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဦးအောင်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ကောင်စီတွေကတော့ နေရာမှာတင်ပွဲချင်းပြီး သေတာတွေရှိပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေရောရှိပါတယ်” ဟုပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Farmers Revolution Forece (FRF) CHU၊ Black Eagle Defence Force – MMU၊ MRA နှင့်အခြားသော ကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးဟုဆိုသော်လည်း The 74 Media က သီခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ ဘောလုံးကွင်းမှ မြင်းမူမြို့နယ်သို့ ထွက်လာသော စစ်ကောင်စီယာဉ်တန်း ၁၆ စီးသည်လည်း လွန်ခဲ့သော ဇူလိုင်လ ၂၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ