စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ည ၈ နာရီခန့်တွင် လက်နက်ကြီး ၂၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ် – ၆ အတွင်း လက်နက်ကျရောက်ခဲ့ပြီး ထိခိုက်မှုများရှိခဲ့ကြောင်း Chindwin Attack Force မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ညမှာ သွားရောက်ပစ်ခတ်ကြတာ။ ထိခိုက်သေဆုံးမှုစာရင်းကတော့ အတိအကျမသိရဘူး။ သိရဖို့ကလည်း ခက်ခဲတယ်လေ။ စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေတော့ရှိတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး” ဟုပြောသည်။

တိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁၂၀ မမ ၉ လုံး၊ ၆၀ မမ ၁၂ လုံး စုစုပေါင်း ၂၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသူကဆက်ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ ၏ တပ်ခွဲ (၄ ) ၊ Fight For People – F.F.P နှင့် Future Star – LPDF၊ Cobra Special Forces (csf. LPDF)၊ Monywa Black Boys – M.B.B မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဇီးတောရွာရှိ စစ်ကောင်စီ စစ်ကြောင်းကို စက်တင်ဘာလ ၄ ရက်နေ့က အထက်ပါ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်ခဲ့ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ