စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များကြား ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးခန့်သေဆုံးခဲ့ပြီး စစ်ကားတစ်စီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းကို ငွေတောင်ကျေးရွာတွင် စက်တင်ဘာလ ၃ ရက်နေ့မှစတင်ပြီး သုံးရက်ကြာ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ်မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေကလေ ငွေတောင်ရွာသစ်ရွာကနေ ဒီးမော့ဆိုဘက်လာတယ်ပေါ့နော်။ ပြီးတော့ သူတို့ဒီငွေတောင်ရွာသစ်ဘက်မှာ စခန်းချတာရှိတယ်ပေါ့။ စခန်းလို့ပဲပြောရမယ်ထင်တယ်။ တိုက်ပွဲကတော့ပေါ့နော် ငွေတောင်ရွာသစ်ဘက်မှာ ဖြစ်တာများတယ်” ဟု သူကပြောသည်။

သုံးရက်ကြာဖြစ်ပွားခဲ့သောတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် ဗျူဟာ (၃)၊ မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် အလယ်ပိုင်းတိုင်း (၁၁၀၆) တပ်ရင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ယမန်နေ့ ည ၉ နာရီခန့်ကလည်း ငွေတောင်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၂၀ ) တပ်ရင်းမှ လက်နက်ကြီး လေးကြိမ်ထက်မနည်း ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

ကယားပြည်နယ် ဖရူဆိုမြို့နယ် ငွေတောင်ကျေးရွာရှိ အင်အား ၂၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ ဩဂုတ်လ ၂၄ နှင့် ၂၅ ရက်နေ့ကလည်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့် သေဆုံးခဲ့ကြောင်းသိရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ