ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ (၅) နယ်မြေတွင် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ ဦးခန့်သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

တိုက်ပွဲပေါင်း ၁၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူအများစုတွင် BGF တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် ဒုတပ်ကြပ်ကြီးတစ်ဦးသာ သေဆုံးကြောင်း အတည်ပြုနိုင်ပြီး အရာရှိများပါဝင်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူတစ်ဦးသေဆုံး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ် ၂၄ လုံးလည်း ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

မြဝတီ – ဝေါ်လေားလမ်းမအနီး ဩဂုတ်လ ၂၃ ရက်နေ့က ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ