စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို ယမန်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းသိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

အင်အား ၁၀၀ ခန့်ပါရှိသော စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ) ၃၆၃ စစ်ကြောင်းက မန်နွဲကျေးရွာအနီးရှိ Local Defense Force တပ်ဖွဲ့၏ စခန်းတစ်ခုကို ဝင်ရောက်သိမ်းဆည်းခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မော်လိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးမှူးကThe 74 Media ကိုပြောသည်။

“စခန်းက ဝင်စီးခံရတယ် ပါသွားတယ်။ ရဲဘော်တွေ ဒဏ်ရာရတာတော့ ရှိတယ်။ လက်ရှိမှာတော့ ကောင်းကောင်းမွန်မွန်နဲ့ နောက်ဆုတ်ပြီးတော့မှ ရှောင်လိုက်နိုင်တယ်လို့ ကြားတယ်” ဟုသူကပြောသည်။

စခန်းသိမ်းဆည်းခံရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ဝါဒဖြန့် Telegram ချန်နယ်ဖြစ်သည့် Fifty-Two News တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျ၊ ဆိုင်ကယ်ရှစ်စီး၊ ယူနီဖောင်း တစ်စုံ၊ လက်လုပ်ကျည်ဆံနှင့် ဗုံးသီးခြောက်လုံး၊ လေ့ကျင့်ရေးသေနတ် ၂၄ လက်၊ ယမ်းနှင့် ဖောက်ခွဲရေးသုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

မော်လိုက်မြို့နယ် ကုန်းခါတွန်ရွာရှိ နေအိမ်များကိုလည်း ဩဂုတ်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မန်နွဲကျေးရွာသည် မော်လိုက်မြို့နယ် ကောင်းကွေကျေးရွာအုပ်စုတွင်ပါဝင်ပြီး မော်လိုက်မြို့နှင့် ၁၁ မိုင်ခန့်အကွာတွင် တည်ရှိသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကောင်းကွေကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၂၁၁ လူဦးရေ တစ်ထောင်ကျော်ခန့်နေထိုင်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ