စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေချိန် ပျောက်ဆုံးခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ နံနက် ၉ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

တောင်တွင်း PDF စခန်းကို စက်တင်ဘာ ၁ ရက်နေ့တွင် အင်အား ၂၀၀ ခန့်ရှိသောစစ်ကြောင်းက မီးရှို့ဖျက်ဆီးချိန် သွားရောက်ပစ်ခတ်ရာမှ အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်သည်ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေ ကျွန်တော်တို့စခန်းကို တောနင်းပြီးရှာတာ စခန်းဟောင်းပဲတွေ့ပြီး မီးရှို့သွားပါတယ်။ ရဲဘော်နှစ်ယောက်က တူမီးနဲ့သွားပစ်တာ လက်နက်ချင်းမတူတာရယ် ထိပ်တိုက်တွေ့ပြီး အဆက်သွယ် မရတာလေးရက်လောက်ရှိပြီ ဒီနေ့မှ အလောင်းပဲတွေ့ရတယ်။” ဟုပြောသည်။

ကျဆုံးသွားသောရဲဘော်နှစ်ဦးမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဗိုလ်မြဒင်နှင့် ကိုစိုးမင်း ဆိုသူတို့ဖြစ်ပြီး မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသအခြေစိုက် TDPDF တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သူကဆက်ပြောသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် ဩဂုတ် ၂၉ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ စခန်းမှုးအပါအဝင် တပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် ၂၀၁၄ သန်ခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၆၂ ခုရှိပြီး လူဦးရေ တစ်သိန်းခန့်နေထိုင်ကြောင်းသိရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ