စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူနှစ်ဦးကို ယနေ့နံနက် ၅ နာရီခွဲခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူသုံးထောင်ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အင်အား ၁၀၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းနှင့် အင်အား ၅၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းက မြောင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီး ဘူးကိုင်းကျေးရွာမှ ဒေသခံပြည်သူနှစ်ဦးကို ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု CDSOM မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမနက်က ဖမ်းခံရတာက နှစ်ယောက် တစ်ယောက်က တော်တော်လေးရိုက်နှက်ခံထားရတယ် ကြားတယ် အခြေအနေ မသိရသေးဘူး။ နှစ်ယောက်လုံးက ရွာသားပဲ” ဟုသူကပြောသည်။

မြောင်မြို့နယ် မြစ်သာကျေးရွာနှင့် ငါးရံ့အိုးကျေးရွာမှ အသက်မပြည့်သေးသည့် ရှစ်တန်းကျောင်းသားအပါအဝင် ပြည်သူ ၁၅ ဦးကိုလည်း ယမန်နေ့ ညနေတွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့နံနက် ပန်းညိုကျေးရွာအရောက်တွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း TGR ဗိုလ်တိုက်ဂါးအဖွဲ့က ပြောသည်။

“သူတို့စစ်ကြောင်းသွားသလောက် လက်နက်ကြီးထမ်းခိုင်းဖို့ဖမ်းသွားတာ။ ညထိုးတဲ့စစ်ကြောင်းဆိုတော့ ပိတ်မိပြီးဖမ်းသွားတာ။ အဲ့ထဲမှာ ရှစ်တန်းကျောင်းသားလေးတစ်ယောက်ပါသွားတယ်။ အဲ့တာကိုကြားပြီး ကျန်းမာ‌ရေးမကောင်းတဲ့ဖခင်က ဆုံးသွားတယ်” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် သရက်သာကျေးရွာ၊ သရက်တောကျေးရွာ၊ ဘူးကိုင်းကျေးရွာ၊ ဆယ်ရွာကျေးရွာ၊ ခေါင်းခွဲကျေးရွာ၊ ဆင်မင်းကျေးရွာနှင့် အခြားကျေးရွာများ အပါအဝင် စုစုပေါင်း ၁၀ ရွာခန့်မှ ဒေသခံပြည်သူများ သုံးထောင်ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဗိုလ်နေတိုးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။

“သူတို့(စစ်ကောင်စီ) မြောင်နယ်ကို စစ်ကြောင်း နှစ်ကြောင်းနဲ့ ထိုးလာတယ်။ ထိုးတဲ့ ပတ်ချာလည်ရွာက ပြည်သူတွေအကုန် ထောင်ချီပြီးတော့ ထွက်ပြေးတိမ်းရှောင်နေကြရတာပေါ့” ဟုသူကပြောသည်။

မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စာရင်းများအရ သရက်သာကျေးရွာ၊ ပန်းညှိုကျေးရွာ၊ ကင်းရွာကျေးရွာ၊ မယ်မတော်ကျေးရွာနှင့် အခြားကျေးရွာများမှ ဒေသခံပြည်သူ ရှစ်ထောင်ခန့်မှာလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ တိမ်းရှောင်နေရသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၈ ရွာရှိပြီး လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်သောမြို့နယ်ဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ