ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ နံနက် ခြောက်နာရီခွဲခန့်က ကရင်နီပူး‌ပေါင်းကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁၀) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေးနာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNDF ၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“တိုက်ပွဲကတော့ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အစပ်မှာဖြစ်တာပေါ့နော်။ အဲ့ကရွာနားမှာ စစ်ကြောင်းထိုးပြီးတော့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကျွန်တော်တို့တွေ ပူးပေါင်းပြီးမှ ဝင်ရောက်တိုက်ခိုက်ခဲ့တာ နေ့လယ်လောက်ထိကြာသွားတာပေါ့နော်။ အဲ့မှာ လက်နက်တွေရော သိမ်းဆည်းရမိခဲ့တယ်”ဟုဆိုသည်။

သိမ်းဆည်းရမိခဲ့သော လက်နက်များမှာ MA 3 သေနတ်တစ်လက်၊ ကျည်ဆန်များနှင့် ဗုံးသီးအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသူကပြောသည်။

အလားတူ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာနှင့် ထီးပေါ့ဆိုကျေးရွာများအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်က ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း (၄) နှင့် တပ်ရင်း (၁၅) တို့မှ ပူးပေါင်းတိုက်ခိုက်ရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့သည်။

ကရင်နီပြည်နယ်တွင် ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် လေးဦးကျဆုံးခဲ့သည်။

Photo Credit – KNDF

သင့်ထင်မြင်ချက်ရေးပေးပါ