ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းချောင်းဆုံတွင် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ် အချိန် စစ်ကောင်စီအဖွဲ့ဝင်များမှ အရပ်ဝတ်ဖြင့် သပိတ်ကိုဖြိုခွင်းခဲ့ကြောင်းသိရသည်။

လုံးခင်းချောင်းဆုံတွင် သပိတ်စတင်ရန် လူစုထွက်လာသည့်အချိန် အရပ်ဝတ်စုံဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူစုကွဲခဲ့ကြောင်း အမည်မဖော်လိုသူ သပိတ်တွင်ပါဝင်သူတစ်ဦးက The 74 Media ကိုပြောသည်။

“လုံးခင်းချောင်းဆုံဘက်မှာ လူစုပြီးထွက်လာတုန်းစစ်ကောင်စီက လူတွေအရပ်ဝတ်နဲ့လာပြီးပစ်သွားတယ်။ စစ်ကောင်စီက လူတွေပေါ့။ သိသာနေတာပဲလေ သပိတ်မထွက်ဖို့တားတာ သူတို့ပဲရှိတယ်။ သေနတ်နဲ့တော့ရမ်းပစ်တာပဲ” ဟုပြောသည်။

ဖားကန့်မြို့နယ်ရှိ ဆိုင်းတောင်၊ အေးမြသာယာ နှင့် လုံးခင်းသပိတ်တို့မှာ ယနေ့ နံနက် ၉ နာရီ သပိတ်စထွက်ရန် စီစဉ်ထားသော်လည်း လုံးခင်းသပိတ်မှာ ဖြိုခွင်းခံရသောကြောင့် နားလိုက်ရကြောင်းလည်း သူကဆက်ပြောသည်။

“သေနတ်နဲ့လိုက်ပစ်တော့ လူစုအားလုံးကွဲသွားတယ် ဆက်မပြတော့ဘူး။သူတို့သေနတ်နဲ့စပစ်တာနဲ့လူစုခွဲပြီး

သပိတ်ကိုနားလိုက်ရတယ်” ဟုပြောသည်။

ထို့ပြင် သပိတ်ဖြိုခွင်းခံရပြီးနောက် ထိခိုက်သူမရှိကြောင်းလည်း အခြား သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

ဖားကန့်မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ခံထားရသော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ မကြာခဏဆိုသလို ပြုလုပ်လေ့ရှိသည်။

လူဦးရေသုံးသိန်းကျော်နေထိုင်ပြီး ကျောက်စိမ်းထွက်ရှိသည့် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးတပ်များအကြား မကြာခဏတိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ