စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချောင်းဦးမြို့အဝင် ချောင်းဦး-ပခုက္ကူလမ်းမရှိ ဗိုလ်ချုပ်ပန်းခြံအနီးတွင် PDFများ ထောင်ထားသည့် မိုင်းနှစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့များက မိုင်းလာရှင်းစဉ် မိုင်းပေါက်ကွဲခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၁၂ ဦး သေဆုံးပြီး စစ်ကားနှစ်စီး ပျက်စီးသွားကြောင်း သိရသည်။

PDF ထောင်ထားသည့် မိုင်းနှစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့များက ယနေ့ နံနက် ၁၀ နာရီခန့်တွင် လာရောက်ရှင်းလင်းစဉ် ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း Monywa People Defence Force – MPDF မှ တာဝန်ရှိတစ်ဦးက The 74 Media ကိုပြောသည်။

“ချောင်းဦးမှာ တာဝန်ကျတဲ့ ရဲ နဲ့ ၃၃၊ ၉၉ တွေပါ။ စစ်ကားနှစ်စီး ပွိုင့်ကားတစီးနဲ့ပါ။ ကားနှစ်စီးပေါ်မှာ ပေါက်သွားတာပါ။ ကားနှစ်စီးပျက်စီးခဲ့ပါတယ်။ မောင်းလို့ မရတဲ့ အခြေအနေထိတော့ ဖြစ်သွားပါတယ်” ဟု သူကပြောသည်။

စစ်ကောင်စီစစ်သား ၁၂ဦး သေဆုံးမှုသည် PDFရဲဘော်များနှင့် ပြည်သူများ၏ မျက်မြင်တွေ့ရှိချက်အရ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“ဓါတ်ပုံက ကျွန်တော် တို့ရဲဘော်တွေ ရဲ့ လုံခြုံရေးအရ ရိုက်ကူးလိုက်နိုင်ခြင်းမရှိပါဘူး။ ရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ မျက်မြင်တွေ့ရှိမှုနဲ့၊ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးယူနစ် တွေကနေ အထိအခိုက် အပျက်အစီး စာရင်းပြန် ပေးပို့ပေးပါတယ်” ဟု သူကပြောသည်။

မဟာမိတ်ပူးပေါင်းအဖွဲ့ မဟာမိတ် (၅)ဖွဲ့ ဖြစ်သည့် Chaung U People’s Defence Force – CHU PDF ၊ Monywa People Defence Force – MPDF ၊ Myaung Special People’s Defense Force – MSPDF ၊ 27 Revolution Forces နှင့် T.G.R (Myaung) တို့က ယနေ့ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပုံ / ၂၀၁၉ခုနစ်က ကချင်ပြည်နယ် နန်ဆန်ယန်​ကျေးရွာတွင် ​​တွေ့ရသော စစ်​ကောင်စီတပ်သားများ။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ