ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ဆေးတပ်သားတစ်ဦး လက်နက်နှင့်အတူ Karenni Generation Z Army သို့ ဝင်ရောက်ခိုလှုံလာခဲ့ကြောင်း သိရသည်။

ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုံလာသောကြောင့် Karenni Generation Z Army မှ ကြိုဆိုကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“နောက်ထပ် ပြည်သူ့ရင်ခွင်ခိုလှုံမယ့် CDM တွေကို ထပ်မံကြိုဆိုပါတယ်။ ဒီလောက်ပဲပြောချင်ပါတယ်ဗျ” ဟု ပြောသည်။

Karenni Generation Z Army မှ အဆိုပါ ဆေးတပ်သားအား ကြိုဆိုချီးမြှင့်ငွေ ငွေကျပ်သိန်း ၃၀ အား ပေးအပ်ခဲ့ကြောင်း သူကပြောသည်။

အဆိုပါ ဆေးတပ်သားသည် အသက် ၁၉ နှစ်အရွယ် တပ်ဆေးရုံတွင် နှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး MA အမျိုးအစား သေနတ် တစ်လက်၊ ကျည်အိမ် သုံးခု၊ ကျည်ဆံ ၇၀တောင့်နှင့်အတူ ဝင်ရောက်ခိုလှုံခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ ဆေးတပ်သား၏ သူငယ်ချင်းဖြစ်သူ PDF တပ်ဖွဲ့ဝင် တစ်ဦးကလည်း အလင်းဝင်ရောက်လိုသည့် နောက်ထပ် စစ်ကောင်စီတပ်သားများလည်းရှိကြောင်း The 74 Media ကိုပြောသည်။

“ကျွန်တော့်အိမ်ဘေးကသူငယ်ချင်းပါ။ သူအခုလို ပြေးလာရဲတဲ့ သတ္တိကို ချီးကျူးလေးစားပါတယ်။ နောက်ထပ် ပြေးလာချင်တဲ့သူတွေလည်း ရှိသေးတယ်လို့ပြောတယ်။ အကုန်လုံးကို ပြေးလာစေချင်တယ်။ ကျွန်တော်တို့ ကတော့ နွေးနွေးထွေးထွေးကြိုဆိုနေမှာပဲဗျ”ဟု ပြောသည်။

ပြည်သူဘက်သို့ ဝင်ရောက်ခိုလှုံလာသည့် ဆေးတပ်သား၏ အမည်နှင့် ပုဂ္ဂိုလ်ရေးအချက်အလက်တို့ကို လုံခြုံ‌ရေးကြောင့် Karenni Generation Z Army က ထုတ်ဖော်သွားခြင်းမရှိပါ။

အဆိုပါ ဆေးတပ်သားက သူရရှိခဲ့သော ငွေကျပ် သိန်း ၃၀ မှ ၁၀ သိန်းကျပ်ကို စစ်အာဏာရှင်စနစ်ချူပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်နိုင်ရေးအတွက် Karenni Generation Z Army ကိုပြန်လည်လှူဒါန်းလိုက်ကြောင်းသိရသည်။

Photo – Karenni Generation Z Army

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ