ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ လွယ်ဟွဲကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်က မီးရှို့ခဲ့သောကြောင့် နေအိမ်သုံးလုံး မီးလောင်သွားကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံပြည်သူများ၏နေအိမ်များကို မီးရှိုခဲ့သောကြောင့် တိုက်ခိုက်ခဲ့ရကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီက တပ်ဆုတ်သွားတော့ သူတို့ရှို့ထားတဲ့ အိမ်တွေကို အမြန်ဆုံးပြန်ငြှိမ်းလိုက်တဲ့အခါကျတော့ သုံးလုံးပဲ ပါသွားတယ်။ အဲ့အိမ်တွေက အိမ်ထပ်ဆောက်ဖို့ စုထားတဲ့သစ်တွေလည်း ထပ်ပါသွားတယ်။ အဲ့သုံးလုံးကတော့ လုံးဝပြာကျသွားတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ နေအိမ်တံခါးသော့များကိုဖျက်ပြီး ပစ္စည်းများ မွှေနှောက်သွားကြောင်း သူကပြောသည်။

စစ်အင်အား ၂၀၀ခန့်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်းသည် လွယ်ဟွဲကျေးရွာကို မီးရှို့ခဲ့သောကြောင့် ဒေသခံ KNDF၊ PDF ဖယ်ခုံတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဆုတ်ခွာသွားချိန်တွင် အဆိုပါကျေးရွာကို ဒေသခံတပ်ဖွဲ့တို့ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်းသိရသည်။

လွယ်ဟွဲကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးပြီး KNDF ရဲဘော်နှစ်ဦးနှင့် PDF ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF မှထုတ်ပြန်ထားသည်။

ပုံ/ စစ်ကောင်စီစစ်ကြောင်းမှ မီးရှိ့ခဲ့သောကြောင့် ပြာကျသွားခဲ့သော လွယ်ဟွဲကျေးရွာမှ နေအိမ်။ (CJ)

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

 

သင့်ထင်မြင်ချက်ရေးပေးပါ