စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်းမော်မြို့နယ်အတွင်း ပြည်သူ့စစ်စခန်းများတိုးချဲ့တည်ဆောက်နေမှုကြောင့် ယနေ့နံနက်အစောပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်သည်။

ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် အသစ်ဆောက်လုပ်နေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် စခန်းကို ယနေ့ နံနက် ၃ နာရီခန့်က သွားရောက်ပစ်ခတ်မှုနှင့်ပတ်သက်ပြီး သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတပ်တွေကတော့ စခန်းအသစ်တွေကို ပြန်ပြီးတော့မှ တည်ထောင်တည်ဆောက်နေလို့ ကေအိုင်အေဘက်ကနေ အခုလိုမျိုး လာပစ်တယ်ဆိုပြီးနောက် ကြားပါတယ် အောက်ခြေသတင်းတွေက ပြည့်ပြည့်စုံစုံ အခုထိ အကြောင်းကြားလာတာမရှိသေးပါဘူး ကျွန်တော်တို့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်” ဟုသူကပြောသည်။

ဝူယန်ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို ဒေသခံများက လီဆူပြည်သူ့စစ်စခန်းဟု ခေါ်ဆိုကြပြီး ဝူယန်နံနက်ဈေး အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆောက်လုပ်ထားသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်တပ် (KIA) က မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

 

သင့်ထင်မြင်ချက်ရေးပေးပါ