ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးနှင့် ဆင်ကူးကျေးရွာအနီး ယမန်နေ့ နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကေအိုင်အေပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိတွေ့တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် ကသာမြို့နယ်သို့ ရေလမ်းဖြင့် စစ်အင်အားများ ဖြည့်တင်းခဲ့သဖြင့် တစ်နာရီခြားတစ်ခါ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“မနက်ပိုင်းဘဲ ၉နာရီဝန်းကျင်လောက်ဖြစ်မယ်။ ထိတွေ့တိုက်ပွဲပေါ့။ မနေ့က ၃ ကြိမ်ရှိပြီ။ စကစဘက်တော့ အကျအဆုံးများမယ်၊ မနက်ကဆို သူတို့ပြန်ဆုတ်ပြေးရတာ။” ဟုပြောသည်။

ထိုစစ်ကောင်စီတပ်များသည် လူအင်အား ၂၅၀ ဝန်းကျင်ခန့်ရှိပြီး အောက်တိုဘာ ၃၀ ရက်နေ့၌ သူတို့တပ်စွဲရာ မိုးတားစာသင်ကျောင်း ပစ်ခတ်ခံခဲ့ရပြီး နေ့စဉ်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

ထိုနည်းတူ ယမန်နေ့မွန်းလွှဲသုံးနာရီခန့်မှ ငါးနာရီခန့်ထိ ရေနီကျေးရွာတွင်လည်း လက်နက်ကြီးသံနှင့် သေနတ်ပစ်ခတ်သံများ ကြားနေခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ မနက်ကလည်း ကြားရတယ်။ ဒါပေမယ့် နည်းနည်းဝေးတယ်။ မနေ့ ညနေ ရေနီနားက တောထဲမှာပစ်နေကြတာ။ ရွာနဲ့တော်တော်နီးနေပြီ။ လက်နက်ကြီး ဖြည်းဖြည်းချင်းစီ ပစ်နေတာ။ သုံးနာရီလောက်ကတည်းက ပစ်နေကြတာ။ ငါးနာရီထိုးခါနီးပစ်နေကြတုန်း။ တစ်ချက်ချင်းစီတစ်ခါပစ်လိုက်ရင် အသံအကျယ်ကြီးပဲ” ဟုပြောသည်။

ကသာမြို့နယ် မိုးတားလေးကျေးရွာ၊ ချောင်းဝကျေးရွာနှင့် ဆင်ကူးကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ သုံးရက်ဆက်တိုက်ရှိပြီဖြစ်ပြီး ယခုချိန်၌ တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်မှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ