ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ခြောက်မိုင်ကျေးရွာတိုက်ပွဲအတွင်း ကျဆုံးသွားသည့် အသက် ၂၁ နှစ်အရွယ် ကိုစိုင်းဘုန်းမင်းသန့်၏ ရုပ်အလောင်းကို ရက်ပေါင်း ၄၀ ကျော်အကြာတွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။

ရုပ်အလောင်းကို တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ကတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရုပ်အလောင်းရှာဖွေရာတွင် ပါဝင်ခဲ့သူတစ်ဦးက The 74 Media ကိုပြောသည်။

“သူအဲ့နေ့က ကျသွားတယ်ဆိုတဲ့ ရေတွင်းနားမှာပဲ။ အရင်သုံးရက်လောက်ကတည်းက တွေ့တာဗျ။ အနံ့အရမ်းထွက်လို့ အဲ့နားမှာပဲ မီးသဂြိုလ်လိုက်တာဗျ။ အရိုးပြာတော့ ကောက်ထားတယ်” ဟု ပြောသည်။

ကိုစိုင်းဘုန်းမင်းသန့်၏ ရုပ်အလောင်းကို ယခင်က ရှာဖွေရန်ကြိုးစားခဲ့သော်လည်း စစ်ကောင်စီတပ်၏ ကင်းပုန်းများရှိနေသောကြောင့် ၎င်းတို့ဆုတ်ခွာသွားချိန်မှသာ ယခုကဲ့သို့ ရှာဖွေနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

စက်မှုလက်မှုသိပ္ပံကျောင်းသား ကိုစိုင်းဘုန်းမင်းသန့်သည် မန္တလေးမြို့မှ သပိတ်လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) သို့ ဝင်ရောက်ကာ စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်ခဲ့သူဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်၊ ခြောက်မိုင်ကျေးရွာတွင် စက်တင်ဘာလ ၂၀ ရက်နေ့၌ စစ်ကောင်စီတပ်ဖွဲ့နှင့် KPDF တို့အကြား တိုက်ပွဲကြောင့် KNDF မှ ရဲဘော်စိုင်းဘုန်းမင်းသန့်အပါအဝင် နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ