ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ အဲဗားကုမ္ပဏီလုပ်ကွက်ဟောင်းအနီးတွင် မြေစာပုံပြိုကျမှုကြောင့် ယမန်နေ့ ညနေ ၅ နာရီက ဘက်ဟိုးမောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တရားမဝင်ကျောက်စိမ်းတူးဖော်နေစဉ် မြေစာပြိုကျခဲ့ရာမှ ဘက်ဟိုးမောင်းသူ အသက်(၃၈)နှစ်အရွယ် မောင်မျိုးဝင်းပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ခိုးကျင်းတူးတာ ပြိုကျတာပေါ့၊ ဘက်ဟိုးကို မြေပိလို့ ဘက်ဟိုးသမားလည်း တစ်ခါတည်း သေတာပေါ့၊ သူ့ကို ရေခဲတိုက်သွင်းထားတယ် ကြားတယ်၊ ခုက ခိုးကျင်းလုပ်တယ်ဆိုတော့ ကုမ္မဏီဆိုပြီး မရှိဘူး၊ စက်ယန္တရားတွေနဲ့ အကြီးအကျယ်ကိုလုပ်နေတာ” ဟုပြောသည်။

သေဆုံးသွားသူမှာ လုံခင်းကျေးရွာအုပ်စုတွင်နေထိုင်သူဖြစ်ကြောင်းသူကပြောသည်။

ဖားကန့်မြို့တွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်မှ မတ်လ ၃၁ ရက်နေ့ ၂၀၂၂ ခုနှစ်အထိ ယာယီရပ်နားထားရန် ကြေညာထားသော်လည်း တရားမဝင် ကျောက်စိမ်းတူးဖော်မှုများကြောင့် မြေစာပြိုကျကာ လူသေဆုံးမှုများရှိနေသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များတွင် မိုးတွင်းကာလများအတွင်း မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများမကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဝှေခါမှော်တွင် မြေစာပုံပြိုကျသဖြင့် လူ၁၇၀ကျော်သေဆုံးခဲ့သည်။

ပုံ/ ဖားကန့်ဒေသတွင် ညအချိန် ရေမဆေးကျောက်ရှာဖွေသူများကို တွေ့ရစဉ်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ