စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားသည့် မြစ်ကြီးနားမြို့မှ မျက်မမြင်တစ်ဦးနှင့် စစ်ရှောင်ပြည်သူတစ်ဦး တစ်လကျော်သည်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ဂျန်မိုင်ကောင် RC စစ်ရှောင်စခန်းမှ အသက် ၄၁ နှစ်အရွယ် ဦးတူးလွမ်နှင့် အသက် ၃၆ နှစ်အရွယ် မျက်မမြင် အမျိုးသား ဦးစောခွန်တို့သည် တနိုင်းမြို့သို့ ဈေးရောင်းသွားရာမှ အပြန် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့စဉ်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ကို တိုင်းရုံးမှာ ရှိနေတယ်ဆိုတာတော့ ကြားရတယ်။ ဘယ်အချိန်လွတ်မယ် မလွတ်ဘူးဆိုတာကျတော့ မသိရဘူးပေါ့။ သူတို့လွတ်မြောက်နိုင်အောင်တော့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကို အကူအညီ တောင်းထားတာတော့ ရှိတယ်။” ဟုသူကပြောသည်။

မျက်မမြင်အမျိုးသား ဦးစောခွန်က မျက်မမြင်များ ပြုလုပ်ထားသည့် ကြိမ်ခေါင်းအုံး၊ ပုလိုင်းကြိုးနှင့် ယပ်တောင်များကို တနိုင်းမြို့တွင် လိုက်လံ ရောင်းချရန် စစ်ရှောင်စခန်းမှ ဦးတူးလွမ်ကို လမ်းပြအဖြစ် ခေါ်သွားပြီး အပြန် လဝါးကျေးရွာနှင့် ဒွန်ဘုံးကျေးရွာကြားတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

“မျက်မမြင်က သူ့ကိုဈေးရောင်းသွားဖို့ခေါ်လို့ သူကလိုက်သွားတာ လမ်းပြပေးတဲ့သဘောပေါ့။ သူတို့နှစ်ယောက်ပဲ ဆိုင်ကယ်နဲ့သွားတာ။ သူတို့လည်း အဲ့ဘက်တိုက်ပွဲဖြစ်နေတာကို သိပ်သိပုံ မပေါ်ဘူး။” ဟုသူကပြောသည်။

မိသားစုစားဝတ်နေရေးအတွက် ငွေရှာနေသူ ဖမ်းဆီးခံရသောကြောင့် မိသားစုအတွင်း အခက်အခဲ ကြုံနေရပြီး အမြန်ဆုံးလွတ်စေလိုသည်ဟု ဖမ်းဆီးခံရသည့် ဦးစောခွန်၏ အမျိုးသမီးကပြောသည်။

“သူကမျက်မမြင်တစ်ဦး ဆိုတော့ မကျွမ်းကျင်တဲ့နေရာမှာ ရောက်နေတော့ သူလည်း အရမ်းအခက်အခဲ ဖြစ်နေမယ် ထင်တယ်။ ကျွန်မရော အမျိုးသားရောက မျက်မမြင်ပါပဲ။ အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ ဒီမှာကလေးသုံးယောက်ရှိတယ် ကလေးတွေကငယ်သေးတယ်။ သူအဖမ်းခံလိုက်ရတော့ အိမ်မှာလည်း ခက်ခဲမှုတွေ အများကြီးပဲ။” ဟုသူကပြောသည်။

ဖမ်းဆီးခံထားရသူနှစ်ဦး လိုအပ်သည့်မစ္စည်းများ ပေးပို့၍ရသော်လည်း ယနေ့ထိမိသားစုနှင့် တွေ့ခွင့်မရသောကြောင့် ကျန်းမာရေးအတွက်စိုးရိမ်ကြောင်း သူကဆက်ပြောသည်။

ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီးတွင် စက်တင်ဘာလ ၂၅ ရက်နေ့က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကေအိုင်အေ၏ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုပြုလုပ်ပြီး မျက်မမြင်နှင့်စစ်ရှောင်ပြည်သူတို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ပုံ – ဖမ်းဆီးခံထားရသည့် အသက် ၃၆ နှစ်အရွယ် မျက်မမြင်အမျိုးသာ ဦးစောခွန်

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ