ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာအုပ်စု၊ ရှမ်းကုန်းဈေးတွင် နေထိုင်သည့် လူငယ်နှစ်ဦးကို နိုဝင်ဘာလ ၁ ရက်နေ့၊ ည ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက် ဖမ်းဆီးသွားသည့်အပြင် ဖမ်းဆီးခံရသူကို ဖုန်းဆက်ခိုင်းကာ အခြားလူငယ်တစ်ဦးကို ထပ်မံဖမ်းဆီးသွားကြောင်း သိရသည်။

ကျောက်ဝိုင်းမှ ပြန်လာသည့် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် တံခါးပေါက်အနီးတွင် သေနတ်ခြောက်ချက် ပစ်ဖောက်ကာ ဖမ်းဆီးခဲ့ကြောင်း မျက်မြင်တစ်ဦးက The 74 Media ကို ပြောသည်။

“ကျောက်ဝိုင်းက ပြန်လာတဲ့အချိန် အိမ်ပေါက်ဝနား စောင့်ဖမ်းတာ၊ သူတို့ကို သေနတ်ဒင်တွေနဲ့ရိုက်ပြီးဖမ်းသွားတာ၊ လာဖမ်းတာက စစ်ကောင်စီက လာဖမ်းတာ သေချာတယ်၊ သေနတ်သံတွေလည်း ကြားလိုက်ရတယ်၊ မနက်သွားကြည့်တော့ ကျည်ခွံတွေလည်းတွေ့တယ်၊ ဖမ်းခေါ်သွားတဲ့ သူတွေ ဘာဒဏ်ရာရသွားလည်း မသိဘူး” ဟုသူကပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် သေနတ်သံများကြားခဲ့ရသော်လည်း ပတ်ဝန်းကျင်တွင် အထိအခိုက် မရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းခံရသူတစ်ဦးက လာကြိုပေးရန် ဖုန်းဆက်ခေါ်သောကြောင့် ယမန့်နေ့၊ နိုဝင်ဘာ ၂ ရက်နေ့၊ နံနက် ၈ နာရီခန့်က သွားရောက်ခဲ့သည့် လူငယ်တစ်ဦးကိုလည်း လက်ရှိအချိန်အထိ အဆက်အသွယ်မရကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ဆက်ပြောသည်။

“ဖမ်းခံထားရတဲ့တစ်ယောက်က ဖုန်းဆက်တာ အေးမြသာယာဈေးမှာလာခေါ်ဆိုပြီး ပြောလို့ သွားခေါ်တာ ၊ သွားခေါ်တဲ့တစ်ယောက်လည်း ခုထိ ပေါ်မလာသေးဘူး၊ ဖုန်းဆက်လို့ကို မရတာ၊ ရဲစခန်းမှာလည်း ပြန်သွားမမေးရဲဘူး၊ သွားကြိုတဲ့လူကိုလည်း ပြန်ခေါ်သွားလို့ သုံးယောက်ဖြစ်သွားတော့ ပြန်သွားမမေးရဲတော့ဘူး” ဟု သူကပြောသည်။

ဖမ်းဆီးခံရသူ အမျိုးသား သုံးဦးသည် အသက် (၂၀) ဝန်းကျင် အမျိုးသားများဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင်းဖမ်းဆီးခံခဲ့ရသည်နှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်တစ်မြို့နယ်လုံးတွင် အောက်တိုဘာ ၁၉ ရက်နေ့က ၅၀၅-(က) ဖြင့် ဖမ်းဆီးခံရသူ ရှစ်ဦး ပြန်လည်လွှတ်မြောက်လာသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ