ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားကာ ဒေသခံပြည်သူများ ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေး အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် PDF တပ်ဖွဲ့တို့ အောက်တိုဘာ ၃၀ ည ၈ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူများတိမ်းရှောင်နေကြရသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ရာမှာ ခုနှစ်ဆယ် ရာခိုင်နှုန်းက ရှောင်နေကြပါတယ်။ တချို့တစ်လေတော့ ကျန်ခဲ့ပါတယ်။ သက်ကြီးရွယ်အိုတချို့ အိမ်စောင့်တချို့ပါ။ လက်နက်ကြီးက ယမ်းစမှန်ထားတဲ့ ပြည်သူတွေလည်း ရှိတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးတားလေးကျေးရွာမှ နေအိမ်များပျက်စီးမှုရှိပြီး မိုးတားဘုရားကြီးကျောင်းလည်း ပျက်စီးမှုရှိသည်ဟု မိုးတားဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ် မင်းကျောင်းကုန်းတွင် လွန်ခဲ့သည့်နှစ်ရက်တာကာလအတွင်း စစ်ကောင်စီနှင့် ကေအိုင်အေ ပူးပေါင်းတပ်တို့ ရွှေကူနှင့် ကသာနယ်စပ် ချောင်းဝကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲက တစ်နေ့ကရော မနေ့ရောပဲ။ တစ်နေ့ကတော့ မင်းကျောင်းကုန်းမှာဖြစ်တာ။ မနေ့ နေ့လယ်က ချောင်းဝမှာဖြစ်တယ်။ နှစ်ဖက်ပစ်ခတ်တာက မကြာဘူး။ စကစတွေ ရမ်းတမ်းပစ်ခတ်တာကကြာတာ။ စကစဘက် အကျရှုံးရှိတယ်။ မော်တော်လှေတစ်စီးနဲ့ ရွှေကူကိုသယ်သွားတယ်လို့ပြောတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားစဉ် နေအိမ်ပျက်စီးမှုများရှိပြီး ဒေသခံပြည်သူများလည်း ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့ တိုက်ပွဲတိမ်းရှောင်နေခဲ့ကြသည်ဟု ဘိုကုန်းကျေးရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“တနေ့က လက်နက်ကြီးသံ ၂၈ ချက်ကြားလိုက်တယ်။ ရေထားတာ။ မနေ့မနက်လည်း ပစ်သံကြားတယ်။ ခဏပဲ နောက်တော့ မကြားတော့ဘူး။ မိုးတားလေးနဲ့ ချောင်းဝရွာကဟာတွေ စစ်ဘေးရှောင်ဆိုပြီး ရွာဘက်ကို ပြောင်းလာကြတာ။ မနက်ကတွေ့တယ်။” ဟုပြောသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ဂျမ်ဘိုတောင်တွင် အောက်တိုဘာ ၃၁ရက်နေ့၌ ကချင်လွှတ်မြောက်ရေးတပ်(KIA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁ရက်နေ့ လွယ်ခေါ်ကျေးရွာ၊ ၁၈ မိုင်အနီးတွင်လည်း စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရွှေကူမြို့နယ် ရွှေငြိမ်းချမ်းကျေးရွာတွင် အောက်တိုဘာ ၁၄ရက်နေ့၌ စစ်ကောင်စီတပ်နှင့် ကေအိုင်အေ ပူးပေါင်း တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသတွင်လည်း တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလေ့ရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းသည် တိုက်ပွဲအများဆုံးဖြစ်ပွားသည့် ဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ