စစ်ကောင်စီနှင့် ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင်များနှင့် နိုဝင်ဘာလ ၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးအကြောင်းကို အဓိကထားပြောဆိုခဲ့ကြောင်း တွေ့ဆုံပွဲတွင်ပါဝင်ခဲ့သူထံက သိရသည်။

စစ်ကောင်စီဖိတ်ကြားချက်အရ ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင် ၈ဦးနှင့်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင် နှစ်ဦး၊ စုစုပေါင်း ၁၀ဦးတို့ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့်အဖွဲ့က တွေ့ဆုံခဲ့သည်။

စစ်ကောင်စီနှင့်တွေ့ဆုံမှုအတွင်း ငြိမ်းချမ်းရေးသည်အရေးကြီးသောကြောင့် ဆွေးနွေးမှုများ မကြာခဏ ပြုလုပ်သင့်သည်ဟုပြောဆိုခဲ့ကြောင်း ဖာသာဒေါက်တာပီတာခါးအောင်တူးက The 74 Media ကပြောသည်။

“သူတို့(စစ်ကောင်စီ)ကတော့ ငြိမ်းချမ်းရေးအရေးကြီးတယ်ဆိုတာကို ပြောပြပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ ခဏခဏဆွေးနွေးမှုလုပ်ရင်ပိုကောင်းတယ်။ ဆွေးနွေးမှုကို ဦးတည်ပြီးတော့မှ လုပ်ရင် ပိုကောင်းတယ် ဆိုတာ ပြောသွားတာရှိတယ်”ဟုဆိုသည်။

ထို့အပြင် စစ်ရှောင်များနေရပ်ပြန်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်း ဆွေးနွေးသွားခဲ့ကြောင်း ဖာသာက ဆက်ပြောသည်။

“အဓိကကတော့ တိုက်ပွဲရှောင် IDP တွေ အခုမပြန်နိုင်သေးဘူးပေါ့လေ။ တစ်ချို့ကတော့ ကိုယ့်ဌာနေ၊ ကိုယ့်နေရာကို ပြန်ခဲ့ပြီး တစ်ချို့ကတော့ မပြန်နိုင်တဲ့အကြောင်းပေါ့။ အဲ့ဒါတွေ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို ဆွေးနွေးတာပေါ့” ဟု ဆိုသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်ကသာ အဓိကပြောဆိုသွားပြီး တွေ့ဆုံပွဲတက်ရောက်ခဲ့သော ဘာသာရေးခေါင်းဆောင်များက နားထောင်ခဲ့ရကြောင်းသူကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင်များကို နေပြည်တော်တွင် ပထမဆုံး ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် ငြိမ်းချမ်းရေးအကြောင်းပြောဆိုသွားခဲ့သည်။

စစ်ကောင်စီက ငြိမ်းချမ်းရေးအကြောင်းအဓိကထား ပြောဆိုသွားခဲ့သော်လည်း ချင်းပြည်နယ်မြောက်ပိုင်းနှင့်စစ်ကိုင်းတိုင်းအရှေ့မြောက်ပိုင်းတွင် အနော်ရထာစစ်ဆင်ရေးဟူသော ရာဇဝင်တွင် အကြမ်းကြုတ်ဆုံးစစ်ပွဲဆင်နွှဲရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း မြန်မာနောင်းသတင်းဌာနက ရေးသားထားသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ