စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ညောင်ဖြူပင်သစ်ဆိမ့်ကျေးရွာတွင် စစ်တပ်သတင်းပေးသူဟုဆိုကာ အမျိုးသားတစ်ဦးသည် ယနေ့ နေ့လည် နှစ်နာရီခန့်က သေနတ်ပစ်ခတ်ခံရကြောင်း သိရသည်။

ပစ်ခတ်ခံရသူသည် မုံရွာ- အမြင့်ကားလမ်းပေါ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ သစ်ဆိမ့်ရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မုံရွာ-အမြင့်ကားလမ်းပေါ်မှာပစ်ခံရတာပါ၊ အနီးအနားက စခန်းက ရဲတွေအမြန်ရောက်လာပြီး စစ်ဆေးရေးကြမ်းနေပါတယ်၊ ဆုံးတာက ရွာနဲ့က နည်းနည်းတော့လှမ်းမယ်ဗျ၊ ကျွန်တော်တို့ရွာမှာက ဒလန် တွေတအားပေါတယ်၊ အမျိုးတွေပါ ပါတယ်” ဟုပြောသည်။

အသတ်ခံရသူသည် အသက် (၅၀)ကျော်အရွယ် ငွေတိုးချေးစားသည့် ဦးမြင့်ချွန်ဆိုသူဖြစ်ကြောင်း သူကဆက်ပြောသည်။

“နေ့ပြန်တိုးပေးစားတာ အပေါင်ခံတာတဲ့၊သူက အိမ်ထောင်သည်ပါ၊ အရင်ကတည်းက ငွေတိုးချေးအပေါင်ခံတာတွေပဲလုပ်တဲ့ရွာသားတစ်ဦးဗျ” ဟုပြောသည်။

ဦးမြင့်ချွန်ကို South Monywa PDFနှင့် Monywa Heros Group မှ ပူးပေါင်းပြီး ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကျန်ရှိနေသည့် စစ်ကောင်စီဒေါက်တိုင်များကို ဆက်လက် ရှင်းလင်းသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာ-အမြင့် ကားလမ်းဘေးရှိ ချောင်းဆုံရွာတွင် ယနေ့ နေ့လည်ပိုင်းက လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုများပြုလုပ်နေပြီး ရွာအချို့တွင် ခြောက်လှန့်ပစ်ခတ်မှုများရှိခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ