မြစ်ကြီးနားမြိုနယ်နှင့် ဝိုင်းမော်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ဘူးဂါးလျှပ်စစ်ရုံးက မီတာခသုံးလစာကို တစ်ပြိုင်နက် ကောက်ခံရာ တစ်လချင်းသုံးစွဲထားသော မီတာယူနစ်များတူညီနေပြီး ပေးဆောင်ရမည့် ငွေပမာဏများသောကြောင့် အများပြည်သူများအကြား ဝေဖန်မှုများ မြှင့်တက်နေကြောင်း သိရသည်။

နိုင်ငံရေးနှင့် ကျန်းမာရေးအခြေအနေများကြောင့် စီးပွားရေးအခက်အခဲကြုံနေရချိန်တွင် ပြည်သူများအနေဖြင့် လျှပ်စစ်မီတာခ ပေးဆောင်ရန် မျှမျှတတ ဖြစ်စေလိုသည်ဟု ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အခြေခံလူတန်းစားဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ ကျန်းမာရေးတွေကြောင့် စီးပွားရေး အခက်အခဲဖြစ်နေတဲ့အချိန် အခုလို မတရား ကောက်ခံတာက ပြည်သူတွေကို အခက်အခဲနဲ့ကြုံစေတယ်။” ဟုသူကပြောသည်။

မီတာစာရွက်ပါ တစ်လချင်းအတွက် မီတာယူနစ်များသည် မိတ္တူကူးထားသကဲ့သို့ တူညီနေပြီး သုံးလအတွက် ပေးဆောင်ရန် ငွေကြေး အခက်အခဲ ကြုံနေရသည်ဟု ရွှေစက်ရပ်ကွက်နေ အခြားပြည်သူတစ်ဦးက ပြောသည်။

“အားလုံးကအတူတူပဲ မသိရင် မိတ္တူကူးထားသလိုပါပဲ။ တစ်ရွက်တောင်မနည်းဆောင်နေရတာ။ မရှိတဲ့လူတွေကတော့ ခက်တယ်လေး။ ပိုက်ဆံမရှိတာက အကြီးမားဆုံး အခက်အခဲပဲ မဆောင်နိုင်လို့ မီးကဖြတ်ရင်လည်း ဒုက္ခ။” ဟု သူကပြောသည်။

ပြေစာစာရွက်များတွင် မီတာယူနစ်များ တူညီနေခြင်းသည် နောက်ဆုံးကောက်ထားသည့် မီတာယူနစ်ကို သုံးလစာအတွက် ပျမ်းမျှပေးဆောင်နိုင်ရန် တွက်ချက်ထားခြင်း ဖြစ်သည်ဟု KIO ပိုင် ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက The74 Media ကိုပြောသည်။

“တူတယ်ဆိုတာက နောက်ဆုံးကောက်ခံထားတဲ့ ယူနစ်ရှိတယ်လေ ပျမ်းမျှဖြစ်သွားအောင်လို့ သုံးလစာကို သုံးနဲ့စားလိုက်တဲ့အတွက်ကြောင့်မို့ တူသွားတာပေါ့။ ပြည်သူတွေက နှစ်လမဆပ်လိုက်ရတော့ အခုဆပ်လိုက်တဲ့ အခါကျတော့ သူတို့က ပျမ်းမျှပေးဆောင်လို့ရအောင်ပါ။” ဟုသူကပြောသည်။

မီတာခပေးဆောင်ချိန်တွင် သုံးလအတွက် တစ်ပေါင်းတည်း ပေးဆောင်ရမည် မဟုတ်ဘဲ ပြေစာတွင် ပါရှိသော သတ်မှတ်ထားသည့် ရက်များ၌ ပေးဆောင်ရမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

“အခုမှဖတ်ရတော့ သုံးလစာဖြစ်သွားတာ ဟိုလတွေက မဖတ်ရတော့လေ။ သူတို့ရဲ့ ဘေလ်ထဲမှာလည်း နောက်ဆုံး ပေးဆောင်ရမယ့် ရက်ပါတယ်။” ဟုသူကပြောသည်။

မီတာခပေးဆောင်ရာ၌ ဇူလိုင်လအတွက် နိုင်ဝင်ဘာ ၈ ရက်၊ ဩဂုတ်လအတွက် နိုဝင်ဘာ ၁၉ ရက်နှင့် စက်တင်ဘာလအတွက် ဒီဇင်ဘာ ၁ ရက်နေ့တွင် နောက်ဆုံးပေးဆောင်ရမည်ဟု ဘူးဂါးလျှပ်စစ်ရုံးတွင် မီးသုံးသူများသိရှိစေရန်ဟူ၍ ကြေညာထားသည်။

အိမ်သုံးအမျိုးအစားများအတွက် မီတာနှုန်းထားကို ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ လျှပ်စစ်မီးသုံးစွဲမှု နည်းပါးသူများအတွက် တစ်ယူနစ်မှ ၃၀ ယူနစ်အထိ တစ်ယူနစ်လျင် ၃၅ ကျပ်နှင့် ယူနစ် ၂၀၁ ယူနစ်မှ အထက်သုံးစွဲသူများက တစ်ယူနစ် ၁၂၅ ကျပ် ဖြင့် ပြောင်းလဲကောက်ခံခဲ့သည်။

ဘူးဂါးလျှပ်စစ် ကုမ္ပဏီသည် KIO/ KIA ၏ စီးပွားရေးဌာနမှ လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ်မှ စ၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များသို့ ရေအားလျှပ်စစ် စစ်ရုံနှစ်ရုံဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဘူးဂါးကုမ္ပဏီမှ လျှပ်စစ်မီတာ အသုံးပြုသည့် အိမ်ထောင်စု စုစုပေါင်း ၅၀၀၀၀ ကျော်ရှိသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ