ကချင်ပြည်နယ် ဖားကန့်မြို့နယ် မျောက်ဖြူကျေးရွာအနီးတွင် ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့ည ၉ နာရီခန့်က လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အလုပ်မှ နေအိမ်တို့ပြန်လာစဉ် အသတ်ခံရခြင်းဖြစ်သည်ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“လူတစ်ယောက် ဆိုင်ကယ် လုယက်ခံရပြီး သေသွားတယ်ဆိုလို့ သွားကြည့်မှ ကိုရဲထိုက်ဖြစ်နေတာ။ ဆိုင်ကယ်မရှိလို့ ဆိုင်ကယ်အလုခံရတယ်လို့ပဲပြောတာ အသတ်ခံရတာလား သေချာမသိဘူး။ ခေါင်းမှာ နှစ်ချက် အရိုက်ခံထားရတယ်။ လက်မှာ တစ်ချက်ခုတ်ခံရတယ် သွေးထွက်လွန်ပြီးသေတယ်လို့ပြောတယ်။” ဟုသူကပြောသည်။

အခင်းဖြစ်ပွားခဲ့သောနေရာတွင် ယခုအောက်တိုဘာ တစ်လအတွင်း လုယက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အသတ်ခံရမှုသည် ယခုပထမဆုံးအကြိမ်ဖြစ်ကြောင်း သူကဆက်ပြောသည်။

သေဆုံးသူ ကိုရဲထိုက် အသက် ၄၅ နှစ်သည် ရွှေမျောတိုက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့တွင် အာဏာသိမ်းပြီးနောက် စီးပွားရေးကျပ်တည်းလာခြင်းနှင့် ကုန်ဈေးနှုန်း မြင့်မားလာခြင်းတို့ကြောင့် လုယက်မှုပိုမိုများပြားလာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ် ၊ ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာအုပ်စု မှော်ရှန် ကျီးမနိုးဘုရားအနီး တောထဲ၌ အောက်တိုဘာ ၃ ရက်နေ့ကလည်း အမည်မသိ လူငယ် အမျိုးသား တစ်ဦး လည်ပင်းတွင် ဓားဒဏ်ရာဖြင့် လက်ပြန်ကျိုးတုတ်ကာ ပုပ်ပွပြီး သေဆုံးလျက်ရှိကြောင်း သိရသည်။

==============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ