ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့ရှိ ရပ်ကွက်(၂)တွင် ယမန်နေ့ည ခြောက်နာရီခွဲအချိန်က ဗုံးသီးကို ဆော့ကစားစဉ် ပေါက်ကွဲခဲ့သောကြောင့် ကလေးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော ကလေးသည် ပုရစ်တူးရင်း စစ်လက်ကျန်ဗုံးသီးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါဗုံးသီးကို ဆော့ကစားစဉ်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ပုရစ်တူးရင်း တွေ့လို့ကောက်လာတာ။ အဲ့ကလေးက မိုင်းကိုထုပြီးဆော့ရင်းကွဲသွားတာ။ အဲ့မိုင်းက အရင်ကနန့်မွန်း ပြည်သူ့စစ်စခန်းကို ကေအိုင်အေဝင်တိုက်တုန်းက မကွဲပဲကျန်ခဲ့တာတဲ့။ ကလေးက အဲ့မိုင်းကိုသိမ်းထားပြီး ခုမှထုတ်လာတာထင်တယ်။ သူ့မိသားစုတွေကလည်း မသိကြဘူး။ တခြားသူတွေကို ထိခိုက်မိတာတော့ မရှိဘူး”ဟု ပြောသည်။

ကလေး၏အလောင်းအား ရဲစစ်ဆေးချက်ယူရန် နန့်မွန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားသည် ဖြစ်ကြောင်း သူကဆက်ပြောသည်။

သေဆုံးသွားသော ကလေးသည် နန့်မွန်းမြို့ ရပ်ကွက်(၂)တွင် နေထိုင်သော အသက် ၁၃ နှစ်အရွယ်ခန့် မောင်ဝေဖြိုးအောင်ဖြစ်ကြောင်းသိရသည်။

နန့်မွန်းမြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းကို ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ ညပိုင်းက ကေအိုင်အေအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်တစ်လုံးပျက်စီးခဲ့ကာ ဒေသခံပြည်သူ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

==============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ