မိုးမောက်မြို့နယ် ခါနန်ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးနှင့် ယောက်ဖဖြစ်သူတို့ကို ယမန်နေ့ ည ၆ နာရီခွဲခန့်၌ အမည်မသိလူတစ်စုက ဖမ်းဆီးသွားကြောင်း သိရသည်။

ခရိုင်ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ တပ်ကြပ်ကြီး ဦးတင့်ဆွေဦးနှင့် ယောက်ဖဖြစ်သူတို့ကို သေနတ်ထောက်၍ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကားနှစ်စီးနဲ့ သေနတ်တွေရောပါတယ်။ သူ့ကိုပဲဖမ်းတာ ယောက်ဖက ဝင်ထိုးလို့ ပြန်ခေါ်သွားတာ။ သူက နာမည်ထွက်နေတာကြာပြီ ရွှေကူဘက်မှာ KIA ကိုအခွန်ဆောင်ပြီးသား နွားတွေကိုဖမ်းတယ်လို့ကြားတယ်” ဟုသူကပြောသည်။

ဦးတင့်ဆွေဦး၏ ယောက်ဖဖြစ်သူ ကိုဝါဆိုသည် ရဲထွက်တစ်ဦးဖြစ်ကြောင်း သူကဆက်ပြောသည်။

တပ်ကြပ်ကြီး ဦးတင့်ဆွေဦးကို ရပ်ကွက်နေပြည်သူအများစုက နှစ်သက်မှုမရှိကြောင်း ရပ်ကွက်နေ အခြားပြည်သူတစ်ဦးက ပြောသည်။

“သူအကြောင်းက ဘယ်သူ့ကိုမေးမေး သတင်းအကောင်းမရှိဘူး။ သူ့ကို ဘယ်သူမှ အမြင်မကြည်ကြဘူး။ အရမ်းဆိုးတယ်ပေါ့” ဟုသူကပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးကို အမည်မသိလူတစ်စုက မြစ်ကြီးနားသွားသည့် လမ်းသို့ ခေါ်သွားခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

မိုးမောက်မြို့နယ် ကျောက်စခန်းအနီးရှိ ကွက်သစ်ကျေးရွာတွင် အောက်တိုဘာ ၁၂ ရက်က စစ်ကောင်စီ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *