တရုတ်နိုင်ငံက မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ကျူးကျော်ခြံစည်းရိုးခတ်ထားသည့်အပေါ် စာပို့အကြောင်းကြားထားသော်လည်း ယခုချိန်အထိ အကြောင်းပြန်ကြားလာခြင်းမရှိသေးကြောင်းသိရသည်။

ကချင်ပြည်နယ် ကန်ပိုင်တည်မြို့အတွင်း ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ တရုတ်နိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ခြံစည်းရိုးဆောက်လုပ်ခဲ့သောကြောင့် ဩဂုတ်လ ၁ရက်နေ့တွင် ကန့်ကွက်စာပို့ထားသော်လည်း သုံးလခန့်ကြာသည်အထိ အကြောင်းပြန်ကြားလာခြင်း မရှိသေးခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုလိုမြေပါသွားတာကတော့ အစိုးရတွေ ဖြေရှင်းပေးရမယ့် ကိစ္စပါ။ သူတို့သေချာစစ်ဆေးကြည့် သင့်တယ်။ ကျွန်တော်တို့ဒေသခံတွေအနေနဲ့ ပြောစရာရှိတာကတော့ ဌာနဆိုင်ရာတွေနဲ့ ပြောပြီးပြီ။ ဌာနဆိုင်ရာတွေအနေနဲ့လည်း တရုတ်ဘက်ကို စာတင်ထားတာတွေရှိတယ်လို့တော့ ကြားတယ်။ ပြန်စာရောက် တာတော့မရှိသေးဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းပြင်းထန်လာသည့်အတွက် တရုတ်နိုင်ငံဘက်သို့ တရားမဝင် ခိုးဝင်သူမရှိစေရန်နှင့် ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ရန်အတွက် ခြံစည်းရိုးဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု နောက်ထပ် ဒေသခံတစ်ဦးကဆိုသည်။

ကန်ပိုင်တီမြို့နယ် တရုတ်-မြန်မာနယ်စပ်ရှိ ခြံစည်းရိုးသည် နယ်ခြားမှတ်တိုင် အမှတ်(၄)မှ အမှတ်(၃)ဘက်သို့ ပေ ၅၀၀ ခန့်ရှည်လျားပြီး အမြင့်ပေ ၂၀ ခန့်ရှိသော ပလိပ်ဓါးပါဝင်သော သံဆူးကြိုးခွေပတ်ထားသည့် ခြံစည်းရိုးဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံဘက်မှ နယ်နမိတ်ကျူးကျော်ခြံစည်းရိုးခတ်သည့်ကိစ္စနှင့်ပတ်သက်ပြီး ကန်ပိုင်တီအုပ်ချုပ်ရေးမှူးရုံးထံ The 74 Media က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ လက်ခံဖြေဆိုခဲ့ခြင်းမရှိပါ။

တရုတ်နိုင်ငံဘက်မှ ကန်ပိုင်တည်နယ်စပ်တွင် ကျူးကျော်ခြံစည်းရိုးခတ်သကဲ့သို့ ကချင်ပြည်နယ် ပန်ဝါမြို့နှင့် မံစီမြို့တို့တွင်လည်း နယ်နိမိတ်ကျူးကျော်ခြံစည်းရိုးခတ်မှုများရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

==============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ