အင်တာနက်ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့သွားသည့် ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ ဂိတ်များတွင် ဆန်နှင့်ဆီ သယ်ဆောင်လာပါက ဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။

ဖားကန့်မြို့ပေါ်သို့ ဆန်နှင့်ဆီရောက်ရှိမှုမရှိစေရန် စစ်ကောင်စီကလုပ်ဆောင်ခြင်းဖြစ်ကြောင်း မန္တလေး-ဖားကန့် မော်တော်ယာဉ်လိုင်း ပြေးဆွဲနေသူ တစ်ဦးက The 74 Media ကိုပြောသည်။

“ခရီးသည်ကားတွေကို ၇ လပိုင်းကတည်းနေ မတင်ခိုင်းတာ အရင်က လေးအိတ်အထိရသေးတယ်။ မရန်ကထောင်နဲ့ ကားမိုင်းဂိတ်က တင်ခွင့်မရှိဘူးပြောပြီး ချခိုင်းတာ မချရင် ပြန်လှည့်ခိုင်းတယ်။ အဓိကတော့ ဖားကန့်နဲ့ တနိုင်းမရောက်စေချင်တာပဲ” ဟု သူကပြောသည်။

ခရီးသည်တင်ယာဉ်များတွင် ဆန်နှင့်စားသုံးဆီများ တင်ဆောင်ခွင့်မပြုသော်လည်း ဆန်စက်မှ ဆန်သယ်သော ကားများက ဂိတ်တွင် တရားမဝင်အခကြေးငွေပေးကာ ဖြတ်သန်းခွင့်ရရှိသောကြောင့် ဖားကန့်မြို့တွင် ဆန်ဈေးတက်ခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ စစ်ဆေးရေးဂိတ်များ တိုးလာသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တရားမဝင်ပေးရသည့် လာဘ်ငွေပိုမိုကုန်ကျလာသည်ဟု အခြားယာဉ်မောင်းတစ်ဦးကပြောသည်။

“ဂိတ်ကြေးက တစ်သောင်းခွဲကုန်တယ်ဆို ခုက သုံးသောင်းခွဲလောက်ကုန်လာတာပေါ့။ အရင်က မပေးလည်း ရတယ် အခုက ပေါ်တင်တောင်းကြတာ ပုခုံးပေါ်မှာ အပွင့်အခက်ရှိတဲ့အကောင်တွေကအစတောင်းတာ ဆီဈေးတက်လို့ မကိုက်ဘူးလို့ ပြောတော့ ငါတို့လည်း ဆီဈေးတက်လို့ ပိုတောင်းတာတဲ့ သူကတော့ စသလိုနောက်သလိုပုံစံနဲ့ ပြန်ပြောတာပေါ့” ဟုသူကပြောသည်။

မန္တလေး – ဖားကန့် လမ်းတစ်လျောက်ရှိ အာဏာသိမ်းပြီးနောက် မန္တလေးမြို့ မတ္တရာလမ်းမှ ဖားကန့်မြို့သို့ သွားသော လမ်းတစ်လျောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ဆေးရေးဂိတ်များသည် ၆ ဂိတ်မှ ၉ ဂိတ်ထိ တိုးလာပြီး စစ်ဆေးမှုနှင့် ဖမ်းဆီးမှုများလည်း တင်းကြပ်လျက်ရှိသည်။

ဓါတ်ပုံ – ဖားကန့်မြို့နယ် နန့်တိန်းနှင့် ပျားအုံးအတက်လမ်းတစ်နေရာတွင်‌ ဇူလိုင်လက တွေ့ရသည့် ခရီးသွားယာဉ်တန်း

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ