ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းပေါ်ရှိ ဘန်ကောက်ကျေးရွာအနီး ယနေ့ နေ့လည် ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲဝင်များ မိုင်းခွဲတိုက်ခိုက်ခံရစဉ် စစ်ကောင်စီတပ်ဖွဲ့များက ပြည်သူတစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် အမျိုးသားသည် ယုဇနကုမ္မဏီမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး တောထဲမှ ထွက်လာစဉ် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“စစ်ကြောင်းတက်လာတဲ့အချိန် သူက တောထဲကနေထွက်လာတာ၊ အဲ့ချိန် မိုင်းအသံလည်း ကြားတော့ သူဖောက်တာထင်ပြီး စစ်တပ်က သေနတ်နဲ့ ပစ်လိုက်တာတဲ့၊ မိုင်းသံကြားပြီး သေနတ်သံတွေကြားရတာပဲ၊ သူ့လက်မှာထိထားတယ် ခုထိတော့ သူက စစ်တပ်မှာပဲရှိသေးတယ်၊သူ့အခြေအနေတော့ သေချာမသိသေးဘူး
ဘန်ကောက်က လူကြီးတွေကိုလည်း ခေါ်လို့ သွားလိုက်ပြီ” ဟု သူကပြောသည်။

စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA)က ဘန်ကောက်ကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် ဝါရာဇွပ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သူကဆက်ပြောသည်။

“တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ရွာထဲကို တမင်ပစ်ထည့်တာ၊ မနက်က လမ်းမှာ တိုက်ခိုက်ခံထားရလို့ ပစ်တာလို့ထင်တယ်၊ ဒါပေမဲ့ ရွာထဲမှာတော့ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူး၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေလည်း ကျတယ်၊ ခုထိ ယုဇန ဘန်ကောက် အဲ့တစ်လျှောက် စစ်တပ်တွေရှိနေသေးတယ်၊ စစ်တပ်က ဆင်းလာတာပေါ့ အယောက်၂၀၀ကျော်လောက်ရှိမယ်” ဟု သူကပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမကြီးပေါ်ရှိ ဘန်ကောက်ကျေးရွာ ယုဇနကုမ္ပဏီအနီးတွင် စက်တင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ထောင်ထားသည့်မိုင်းနင်းမိပြီး အသက် ၅၀ အရွယ် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ကချင်ပြည်နယ်သို့ စစ်ကောင်စီတပ်ဖွဲ့များက စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်နေဆဲဖြစ်ပြီး တနိုင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ် လီဒိုလမ်းမတစ်လျှောက်ရှိ ကျေးရွာများတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ မကြာခဏဖြစ်ပွားနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ