တန့်ဆည်
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် လိပ်ခြံကျေးရွာနှင့် ၅ မိုင်ခန့်အကွာ ရွှေမှော်တွင် ယမန်နေ့ ညနေ ခြောက်နာရီခန့်က စစ်ကောင်စီသတင်းပေးဟုဆိုသော ဒလန်မိသားစုတစ်စု ပစ်သတ်ခံရကြောင်း သိရသည်။

အဆိုပါမိသားစုသည် ကာပေါင်းကျကျေးရွာ ဖျက်စီးခဲ့စဉ်က စစ်ကောင်စီတပ်နှင့်ပူးပေါင်းပါဝင်ခဲ့သူများဖြစ်ပြီး ယမန်နေ့က သတ်ဖြတ်ခံရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဦးဆန်းဝင်းပါ၊ သားသမီးလေးယောက်ရှိပေမယ့် အခင်းဖြစ်တဲ့နေရာမှာ သားသုံးယောက်ရယ် ဦးဆန်းဝင်းလင်မယားရယ်ရှိပါတယ်။ သူတို့ကားကိုဗုံးခွဲပြီး သေနတ်နဲ့ပစ်သတ်သွားတယ်။ မိသားစုငါးဦးလုံးသေတယ်လို့လည်းကြားတယ်” ဟုပြောသည်။
သတ်ဖြတ်ခံရသူများထဲမှ သားသုံးယောက်သည် ကာပေါင်းကျကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသည့်အခါ ကိုယ်တိုင်ပါဝင်ခဲ့သူများဖြစ်သည့်အပြင် ဖခင်ဖြစ်သူမှာလည်း ဒလန်တစ်ဦးဖြစ်သည်ဟု သူက ဆက်ပြောသည်။
အဆိုပါ ဒလန်မိသားစုကို မည်သူ သတ်ဖြတ်သွားသည်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်များသည် တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာနှင့် လိပ်ခြံကျေးရွာများတွင် ဩဂုတ်လကုန်ပိုင်း၌ ဝင်ရောက် ပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ သေဆုံးခဲ့ရပြီး နေအိမ် အများအပြား ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့သည်။
တန့်ဆည်မြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ပျူစောထီး သင်တန်းဆင်း လင်မယားနှစ်ဦး သေနတ်နှင့်ပစ်ခတ်ခံရပြီး ခင်ပွန်းဖြစ်သူ သေဆုံးကာ ဇနီးဖြစ်သူအား ဆေးရုံတင်ထားရကြောင်း သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ