ဒီးမော့ဆိုတွင် တိုက်ပွဲများပြန်လည်ပြင်းထန်လာသဖြင့် ပြည်သူများထပ်မံထွက်ပြေးတိမ်းရှောင်
ကာယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စက်တင်ဘာ ၈ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသောကြောင့် ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တို့ကြား ဇွန်လ ၁၅ ရက်နေ့က တိုက်ပွဲများ ယာယီရပ်ဆိုင်းရေး ထုတ်ပြန်ကြေညာပြီးနောက် ဒုတိယအကြိမ် ထပ်မံထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
ဒီးမော့ဆိုတွင် တိုက်ပွဲများပြန်လည်ပြင်းထန်လာသဖြင့် ပြည်သူများထပ်မံထွက်ပြေးတိမ်းရှောင်
“ဒီးမော့ဆိုက ဒုတိယအကြိမ်စစ်ရှောင်တာပေါ့ ဒီးမော့ဆို ရဲစခန်းမှာပစ်ကြတော့ ညတွင်းချင်းပစ်လို့ ညတွင်းချင်းရှောင်ကြတာပေါ့ သေနတ်သံကြားလို့ ကြောက်လှန့်ပြီး ထွက်ပြေးကြတာ” ဟု သူကပြောသည်။
တိုက်ပွဲများ မကြာခဏဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် အမြန်ဆုံး ငြိမ်းချမ်းစေချင်ပြီဟု သူကဆက်ပြောသည်။
“ငြိမ်းချမ်းရေးကိုမလုပ်ပေးနိုင်တော့ဘူးလား။ စစ်ရှောင်ရတာ ကလေးသူငယ်တွေကော လူကြီးတွေကော ဒုက္ခိတကော ပါတယ် အမြန်ငြိမ်းချမ်းစေချင်တယ်။ အခုလိုမျိုးပစ်ခတ်တိုက်ခိုက်နေတာ ကလေးတွေရဲ့ အနာဂတ်ပျက်စီးကုန်ပြီ အရွယ်မရောက်သေးတဲ့ ကလေးတွေကော သေကုန်ကြပြီ” ဟု သူကပြောသည်။
စစ်ကောင်စီတပ်နှင့် KNDF တို့ကြား မေလမှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုမြို့နယ်မှ ဒေသခံပြည်သူများသည် ငါးလအတွင်း တိုက်ပွဲဖြစ်ပွား၍ ထွက်ပြေးတိမ်းရှောင်ရသည်မှာ သုံးကြိမ် ရှိပြီဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ