မိုးညှင်းမြို့တွင် လူငယ်သုံးဦးကို MyTel တာဝါတိုင် မီးရှို့ရန်ကြံစည်သည်ဟုစွပ်စွဲကာ စစ်ကောင်စီဖမ်းဆီး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာနှင့် ပင့်သာကျေးရွာကြားရှိ Mytel တာဝါတိုင်အနီးအကြောင်းမဲ့ရိုက်နှက် ဖမ်းဆီးခံခဲ့ရသည့် အသက် ၁၇ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း သိရသည်။

Mytel တာဝါတိုင်မီးရှို့ရန်ကြံစည်သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားသည့် အသက် ၁၇ နှစ်အရွယ် မောင်ဝေသက်စိုးကို စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခ.မ.ရ) ၂၀၈ တွင် ဖမ်းဆီးထားသည်ဟု အမည်မဖော်လိုသည့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ပြည်သူ့စစ်ကို မေးခဲ့တာ၊ ဖမ်းခံရတဲ့ ပင့်သာရွာက နှစ်ယောက်နဲ့ ဝေသက်စိုးက သူငယ်ချင်းတွေပါ အဲ့ နှစ်ယောက်ကလည်း ဒီကိစ္စမာ ဝေသက်စိုး မပါဘူးလို့ ပြောပေမယ့် တပ်ရင်း ၂၀၈ မှာလို့ ကြားပါတယ်၊ ဖမ်းသွားတဲ့ ပြည်သူ့စစ်အဖွဲ့တွေ သူတို့ကို ရိုက်နှက်ထားတယ်” ဟု သူကပြောသည်။
မိသားစုဝင်များက ဖမ်းဆီးခံထားရသည့် မောင်ဝေသက်စိုးနှင့် တွေ့ခွင့်ရရှိရန် ကြိုးစားနေပြီး အမြန်ဆုံးပြန်လွတ်ပေးစေလိုကြောင်း သူကဆက်ပြောသည်။
မောင်ဝေသက်စိုးနှင့်အတူ ဖမ်းခံရသည့် အခြားလူငယ်နှစ်ဦးသည် မီးရှို့ရန်ကြံစည်ကြောင်းဝန်ခံခဲ့သည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်းတို့နှစ်ဦးကို လက်ရှိမည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများထံကသိရသည်။
ဖမ်းဆီးခံရသူ သုံးဦးကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ရိုက်နက်ထားသဖြင့် မျက်နှာဖူးရောင်နေသည်ကို တွေ့ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။
မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာနှင့် ပင့်သာကျေးရွာမှ Mytel တာဝါတိုင် မီးရှို့ရန်ကြံစည်သည်ဟုဆိုကာ စက်တင်ဘာ ၁၄ ရက်နေ့က မောင်ပိုင်ဖြိုးဝေ၊ မင်းသူရဇော်နှင့် မောင်ဝေသက်စိုးတို့ကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူစစ်တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ