ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ တခက်ကျေးရွာ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ တခက်ကျေးရွာအနီးတွင် ယနေ့နံနက်ခြောက်နာရီကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တနိုင်းမြို့နယ် တရုံကျေးရွာမှ တခတ်သို့ တက်လာချိန် ကေအိုင်ကေက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တပ်ခွဲတစ်ခုစာလောက်ရှိတယ်။ တရုံကနေ တခက်ဘက်ကို စကစကင်းလှည့် နယ်မြေရှင်းပဲလားတော့ မသိကျဘူး။ လာတဲ့စကစကို ကေအိုင်အေဘက်က စပြီးပစ်ခတ်တယ်။ တခက်နဲ့တော့မဝေးတော့ဘူး။ တခတ်ရွာကနေ မိုင်းသံကြားရတာက ခြောက်ချက်လောက်တော့ ရှိတယ်”ဟု ပြောသည်။
ကေအိုင်အေဘက်မှ ထိခိုက်ကျရှုံးမှုမရှိကြောင်းသိရပြီး စစ်ကောင်စီတပ်မှ ကျရှုံးမှုအခြေအနေကို မသိရှိရသေးကြောင်း သူကဆက်ပြောသည်။
တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ အင်အားတိုးချဲ့မှုများ ဆက်လက်ပြုလုပ်နေပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင်လည်း ဒိုက်ဖားကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
တရုံကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခင်ကသူတို့တပ်စွဲထားခဲ့သည့် စခန်း ၂၆၀ သို့ စက်တင်ဘာလ ၁၀ ရက်နေ့က ပြန်လည်နေရာယူ၍ တပ်စွဲထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ