ဟိုပင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လူငယ်အချို့ကို ဖမ်းဆီးသွား
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့ တကွင်းကျေးရွာတွင် ယမန်နေ့ စက်တငဘာ ၁၄ ရက်နေ့ ညနေ ငါးနာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ရွာမှ လူငယ်အချို့ကို ဖမ်းဆီးသွားကြောင်းသိရသည်။

သေနတ်သံနှင့် မိုင်းခွဲသံများကြားရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာသို့ဝင်ရောက်လာပြီး လူငယ် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားသည်ဟု ဒေသခံမျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
ဟိုပင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လူငယ်အချို့ကို ဖမ်းဆီးသွား
“ရွာထဲကို သေနတ်တွေနဲ့ အဖွဲ့လိုက်ကြီး လာခဲ့ကြတာ။ အိမ်ထဲကနေချောင်းကြည့်တာ တွေ့မိသလောက်တော့ ၁၀ ယောက်ထက်မနည်းပဲ။ သူတို့ကားပေါ်မှာ လူငယ်တွေကို လက်ကိုခေါင်းပေါ်တင်ခိုင်းထားတာ မိန်းကလေးမပါဘူး။
ဘာကြောင့်ရယ်တော့မသိဘူး လမ်းမှာတွေ့သမျှ လူငယ်တွေကို ဖမ်းခေါ်သွားတာ။ အိမ်တွေအကုန်လုံး ပိတ်ထားရပြီ” ဟုသူကပြောသည်။
တကွင်းကျေးရွာမှ လူငယ်များကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးသည့် အပြင် စစ်ကောင်စီတပ်ဖွဲ့များမပြန်သေးသည့်အတွက် စိုးရိမ်မှုများရှိနေကြောင်း သူကဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်သားဝတ်၊ အရပ်ဝတ်များဖြင့် လက်နက်များကိုင်ဆောင်ထား၍ အင်အား ၂၀ ခန့်ရှိပြီး လက်ရှိအချိန်တွင် အ.ထ.က တကွင်းကျောင်း၌ တပ်စွဲထားကြောင်း သိရသည်။
မိုးကောင်းမြို့တွင်လည်း လွန်ခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောင်မင်္ဂလာကျေးရွာနှင့် ကျွန်းတောရပ်ကွက်တို့တွင် အလားတူဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ဟိုပင်မြို့သည် မိုးညှင်းမြို့နယ်အတွင်းရှိမြို့တစ်ခုဖြစ်ပြီး လူဦးရေနှစ်သောင်းသုံးထောင်ကျော်နေထိုင်ကာ ရှမ်း၊ ကချင်နှင့် ဗမာလူမျိုးများအဓိကနေထိုင်ကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ