KNC ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လ
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဌကို ယနေ့ရုံးထုတ်စစ်ဆေးမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ရုံးထုတ်ခြင်းမရှိဘဲ နေပြည်တော်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။

ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဌ ဒေါက်တာအမ်ကောန်လကို ဖမ်းဆီးထားသည်မှာ နှစ်ပတ်ပြည့်ပြီဖြစ်ပြီး ယနေ့တွင် ရုံးထုတ်မည်ဟု သိရသော်လည်း ရုံးမထုတ်ဘဲ ထောင်သို့ တိုက်ရိုက်ပိုဆောင်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီနေ့က ရုံးမထုတ်တော့ဘူးတဲ့ တစ်ခါတည်း ထောင်ထဲကိုပဲ ခေါ်သွားလိုက်တာပေါ့၊ အဲ့ကနေမှ ပြန်စစ်မေးပြီး ဘယ်လိုဖြစ်တယ်ဆိုတာ ပြန်လုပ်မှာ ဟုတ်တယ်၊ ဒီနေ့ကတော့ သူ့ကို ထောင်ထဲပို့ဖို့ လုပ်နေပြီ ထောင်ချုပ်ကို ဒီနေ့ ပြောင်းရွေ့လိုက်တယ်လို့ သိရတယ်” ဟု သူကပြောသည်။
ဖမ်းဆီးခံရသည့်ရက်မှ စပြီး ယနေ့တွင်မှ မိသားစုနှင့် ပထမဦးဆုံးအကြိမ် တွေ့ခွင့်ရရှိခဲ့ကြောင်းသိရပြီး ထောင်ချုပ်တွင် ရမန် ၂ ပတ် ယူပြီးမှ ထပ်မှန်စစ်ဆေးမည်ဟု သူက ဆက်ပြောသည်။
“ဒီနေ့မှ မိသားစုနှင့်တွေ့ခွင့်ရတယ်၊ မိသားစု ဝင်တွေကိုတော့ စစ်ဆေးမေးမြန်းတာမရှိဘူး၊ ထောင်ချုပ်မှာ ထပ်စစ်ဆေးမယ်လို့ သိရတယ်၊ ပုဒ်မကို ရုံးထုတ်စစ်ဆေး မှသိရမည်။ ထောင်မှာ ၂ ပတ်ကြာပြီးမှ ပြန်စစ်ဆေးမယ်တဲ့ ပြောရရင် ၄ ပတ်ကြာမှ အဲ့ချိန်မှ သူ့ကို ဘာနဲ့ပြန်ပြီးအမှုချမယ်ဆိုတာ ရုံးထုတ်စစ်ဆေးမယ်လို့သိရမယ်” ဟု သူကပြောသည်။
လက်ရှိအချိန်တွင် ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဌ ဒေါက်တာအမ်ကောန်လကို ၅၀၅ -(က) ဖြင့် ဖမ်းဆီး ချုပ်နှောင် ထားပြီး ၎င်းကို ဖမ်းဆီးရခြင်းသည် ကချင်အမျိုးသား အရေး၊ ကချင်ပြည်နယ်အရေးနှင့် အခြားတိုင်းရင်းသား အခွင့်အရေးတွေ ထုတ်ဖော်ခြင်းကြောင့် ဖမ်းဆီးခံရသည် ဟု သူကဆက်ပြောသည်။
ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လ (Dr. M Kawn La) ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၂၅ ရက်နေ့၊ မွန်းလွဲ ၃ နာရီခန့်က နေပြည်တော်တွင် ဖမ်းဆီးခံခဲ့ပြီး နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့သည်။
ဒေါက်တာအမ်ကောန်လသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီအချို့မှ လူပုဂ္ဂိုလ်များနှင့် တသီးပုဂ္ဂလပြည်သူများပါဝင်သည့် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ဦးဆောင် ဖွဲ့စည်းခဲ့သည်။
စစ်ကောင်စီအစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ဆက်စပ်သူများကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ပြီး တိုင်းရင်းသားပါတီများထဲတွင် ယခုကဲ့သို့ ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးခဲ့သည်မှာ ပထမဆုံးအကြိမ် ဖမ်းဆီးခြင်း ဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ