ပူတာအို
ကချင်ပြည်နယ် ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကောင်ကထောင်ရပ်ကွက်တွင် အိမ်ခွန်များကို ၁၀ ရက်အတွင်းပေးဆောင်ရမည်ဟု လိုက်လံကောက်ခံနေကြောင်းသိရသည်။

အိမ်ခွန်‌တောင်းခံ‌ပြေစာတွင် အခွန်ကို ၁၀ ရက်အတွင်း မထည့်ဆောင်လျှင် စည်ပင်သာယာရေး ဥပဒေပုဒ်မ နှင့် အရေးယူမည်ဟု ရေးသားဖော်ပြထားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
ပူတာအို
“မနက်ဖြန် ၁၀ ခွဲ ရပ်ကွက်ရုံးမှာ သွားထည့်ပါဆိုပြီးပြောတယ် စာအောက်ဘက်မှာမှတ်ချက်က မထည့်လို့ရှိရင် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၃(က)(ခ)နဲ့ အရေးယူမယ်လို့ရေးထားတယ် တစ်ချို့က ပိုက်ဆံမရှိဘူး‌လေ” ဟုသူကပြောသည်။
ထို့ပြင် အိမ်ခွန်များမှာ အိမ်အမျိုးအစားအလိုက်ပေးဆောင်ရပြီး အိမ်ခွန် ပေးဆောင်ရန်ခက်ခဲနေသည့်မိသားစုများလည်းရှိကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။
“အိမ်ကိုကြည့်ပြီးကောက်တယ် ကျွန်တော်အိမ်က ပျဉ်ထောင်အိမ်မို့ ငါးရာခိုင်နှုန်းလျှော့ပြီး အခွန် ၁၈၀၀၀ ကျပ်ထည့်ရတယ် တိုက်အိမ်ကြီးတွေက ၇ သောင်း ၈ သောင်းလောက် ကျနိုင်တယ်။ အခွန်မထည့်နိုင်ဘူး ထမင်းတောင် ဆန်ပြုတ်ဘဲသောက်ရလောက် ခက်ခဲတဲ့သူတွေလည်းရှိတယ်” ဟုသူကပြောသည်။
ကချင်လူမျိုးအများစုနေထိုင်သည့် ပူတာအိုမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ်အတွင်း လုံရှာယာန်ကျေးရွာတွင် ကျိုင်းကောင်အန္တရာယ်ကြောင့် တောင်ယာစပါးအထွက်နှုန်းကျဆင်းမှုများလည်း ကြုံနေရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ