တနိုင်းမြို့နယ် ဒိုက်ဖားကျေးရွာ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တရုံကျေးရွာအုပ်စုရှိ ဒိုက်ဖားကျေးရွာတွင် ယနေ့ မွန်းလွဲနှစ်နာရီခွဲခန့်မှစ၍ စစ်ကောင်စီတပ်နှင့် ကေအိုင်အေကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

တောလမ်းမှတစ်ဆင့် တရုံသို့ ချီတက်လာသော စစ်ကောင်စီတပ်က ကေအိုင်အေနှင့် ထိပ်တိုက်တွေ့၍ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တနေ့က ရှိန်လုံနဲ့လဂျားဘွမ်ကြားထဲက တပ်ပေါင်းစုစစ်ကြောင်းက ဖြတ်လမ်းနဲ့တောလမ်းကနေ အဲ့ရွာကို ဝင်တာဟုတ်တယ်။ အဲ့ရွာကနေ တရုံကိုတက်ခဲ့လို့ ကေအိုင်အေနဲ့ ထိပ်တိုက်သွားတွေ့ကြတာနေမှာ။ အခုထိပစ်နေကြတုန်းပဲ” ဟုသူကပြောသည်။
လက်ရှိ ဒိုက်ဖားကျေးရွာနေ ပြည်သူများသည် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သူကဆက်ပြောသည်။
တရုံကျေးရွာသည် ယခင်က စစ်ကောင်စီတပ်မှ တပ်စွဲထားသော်လည်း စစ်အာဏာသိမ်းပြီးနောက် ထိုနေရာကို KIA တပ်ရင်း ၄၅ က ထိန်းချုပ်ထားသဖြင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများထံက သိရသည်။
တနိုင်းမြို့နယ်တွင် စက်တင်ဘာ ၈ ရက်နေ့ကလည်း တရုံနှင့် လဂျားဘွမ်ကြားတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ