ဂန့်ဂေါတွင် စစ်ကောင်စီနှင့် PDF အဖွဲ့တိုက်ပွဲပြင်းထန်၊ နှစ်ဘက်အကျအဆုံးရှိ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်မှ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဂန့်ဂေါတွင် စစ်ကောင်စီနှင့် PDF အဖွဲ့တိုက်ပွဲပြင်းထန်၊ နှစ်ဘက်အကျအဆုံးရှိ

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အပါအဝင် ဒေသခံပြည်သူ ၁၀ဦးနှင့်အထက် သေဆုံးခဲ့ပြီး နေအိမ် ၁၀လုံးခန့်မီးရှို့ဖျက်စီးကာ ယနေ့နံနက် ၆ နာရီမှစ၍ ရွာရှိနေအိမ်များအား ထပ်မံမီးရှို့နေပြီး ယခုချိန်ထိလည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း မြင်သားရွာ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အခုကအနောက်တောင်ဘက်ကရွာမှာ ကုန်းထိပ်မှာ တိုက်နေတယ်။ ရွာထိပ်ကနေထိုင်စောင့်ပြီးတိုက်နေတာ။ ဒီမနက်ထိ ရွာထဲကအိမ်တွေမီးရှို့နေတုန်းပဲ။ သူတို့က မိုးလင်းတာနဲ့ထပ်ရှို့တယ်” ဟုပြောသည်။
တိုက်ပွဲများကြောင့် မြင်သားပြည်သူများ၊ သာလင်းဒေသခံများအပါအဝင် ကုန်းရွာမှပြည်သူများနှင့် ရွာအနီးဝန်ကျင်မှပြည်သူများအားလုံးလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ