ဗိုလ်မှူးကြီးနော်ဘူ
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ယနေ့နံနက်တွင် အရေးပေါ်အခြေအနေကြေညာခဲ့ပြီးဖြစ်သဖြင့် တိုက်ပွဲများဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် စစ်ရေးသတိဝီရိယရှိရန် ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်သည်။

NUG ၏ ကြေညာချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြစ်သဖြင့် တိုက်ပွဲများဖြစ်ပေါ်လာနိုင်ပြီး ပြည်သူလူထုက စစ်ရေးသတိရှိရန်လိုကြောင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။
“ကေအိုင်အို ဗဟိုကော်မတီအနေနဲ့ ကြေညာချက်နဲ့ပတ်သက်လို့ သုံးသပ်တာ သဘောထားထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါပေမဲ့ NUG ရဲ့ကြေညာချက်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်တယ်ဆိုတော့ ပြည်သူလူထုလည်း စစ်ရေးသတိဝိရီယနဲ့တော့နေရမယ်လို့ ကျွန်တော်ပြောလိုပါတယ်။ နေရာတကာမှာ တိုက်ပွဲတွေလည်း ဖြစ်နိုင်ဖွယ်ရှိတာပေါ့။ အဲဒါကြောင့် မိသားစု လုံခြုံရေး တစ်ဦးတစ်ယောက် ပုဂ္ဂလိကလုံခြုံရေးတွေအားလုံးကတော့ နားစွံ့ပြီးမှ သတိဝီရိယနဲ့ နေဖို့တော့လိုမယ်လို့ အသိပေးလိုပါတယ်” ဟု ဆိုသည်။
စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်ခြင်းသည် NUG ကာကွယ်ရေးတပ်၏ လုပ်ဆောင်နိုင်မှုနှင့် ပြည်သူလူထုအပေါ်မူတည်သည်ဟု သူက ဆက်ပြောသည်။
“တိုက်ပွဲတွေကတော့ ဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ ပြည်သူလူထုတွေ ဘယ်လောက်ထိကြိုးစားမလဲ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ PDF တွေ ပြောရမယ်ဆိုရင် NUG ရဲ့ ကာကွယ်ရေးတပ်တွေ ဘယ်လောက်ထိလုပ်ဆောင်နိုင်မလဲဆိုတဲ့အပိုင်းပေါ့နော်။ အဲ့မှာ မူတည်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့ကြေညာထားတယ်ဆိုတော့ တိုက်ပွဲကတော့ ဖြစ်မှာပါ” ဟု ဆိုသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်အကြား စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက သီးခြားဖြေကြားခဲ့ခြင်း မရှိပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုးဝါးသည့်ရာဇဝတ်မှုများကို ကျူးလွန်လေ့ရှိသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာကို သတိပေးတိုင်ကြားသင့်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အကြံပြုသည်။
“လူ့အခွင့်အရေးချိုးဖောက်တာမျိုးရှိလို့ရှိရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းပေးဖို့တော့ လိုပါတယ်။ ဥပမာ မုဒိမ်းကျင့်တာတို့၊ နောက်ပြီး ပြည်သူတွေကို နှိပ်စက်တယ်၊ သတ်ဖြတ်တယ် လူမှုရေးနဲ့ ပတ်သတ်တဲ့ဟာတွေကို အားလုံးကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းပေးဖို့ ဆက်သွယ်ဖို့က အရေးကြီးတဲ့ အရာဖြစ်ပါတယ်။ အားလုံးဝိုင်းပြီးကြိုးပမ်းဖို့ တာဝန်ရှိလာမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသအခြေစိုက် ကချင်လွတ်မြောက်ရေးအဖွဲ့သည် မတ်လမှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြင်းထန်စွာတိုက်ခိုက်နေသည့်အဖွဲ့တစ်ခုဖြစ်ပြီး မတ်လ ၂၅ ရက်တွင် စစ်ကောင်စီတပ်များနှစ်ပေါင်း ၃၀ ခန့် နေရာယူထားသည့် တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ