တန့်ဆည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမျိုးသားတစ်ဦးကို အကြောင်းမဲ့သတ်ဖြတ်
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ဖလံချိုင်ကျေးရွာ သုဿန် အနောက်တွင် ယမန်နေ့ စက်တင်ဘာ ၄ ရက် နံနက် ၅ နာရီခန့်က ရွာသားတစ်ဦးကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်သွားကြောင်းသိရသည်။

သတ်ဖြတ်ခံရသူသည် လည်ပင်းတွင် ဓားဒဏ်ရာ၊ ခန္ဓာကိုယ်‌တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု နီးစပ်သူတစ်ဦ်းက The 74 Media ကိုပြောသည်။
တန့်ဆည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမျိုးသားတစ်ဦးကို အကြောင်းမဲ့သတ်ဖြတ်
“ဓားနဲ့လည်းလည်ပင်းကိုလှီးထားတယ်။ သေနတ်က ဘယ်ဘက်လက်မောင်း၊ညာဘက်တင်ပါးနဲ့ ဘယ်ဘက်နံရိုး သုံးချက်ပါ။ မျက်လုံးတစ်ဖက်ကလဲသေနတ်နဲ့ထောင်းထားတာလားမသိဘူးအရေခွံတောင်မပါဘူး။ အဆီကိုပြန်နေတော့တာ။ ခန္ဓာကိုယ်မှာလည်း ဓားနဲ့ မွှန်းထားပြီးတော့မှ ရေမြောင်းထဲကို ပစ်ချထားခဲ့တာ။ အင်္ကျီအဝတ်အစားတွေလည်း ပါမလာဘူး” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိနေသည်ကို မသိရှိပဲ အလုပ်ကိစ္စဖြင့် ရွာသို့သွားရောက်စဉ် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။
သေဆုံးသူ အမျိုးသားသည် ဖလံချိုင်ရွာမှ ဦးကံထွန်းဆိုသူဖြစ်ပြီး အသက် ၅၁ နှစ်ရှိပြီဟု သိရသည်။
သမီး ၄ ယောက်၏ ဖခင်ဖြစ်ကာ တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ဖြစ်သည်။
တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်နေရာယူထားသဖြင့် အခြေအနေတင်းမာနေကာ တန့်ဆည်ပြည်သူ့ရဲဘော်များ (Taze People Comrades) က ယမန်နေ့ညနေ ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ