ယုဇနကုမ္ပဏီက ၎င်းတို့၏ကုမ္ပဏီအဆောက်အအုံများကို သံတိုသံစဝယ်ရောင်းများထံတွင် ထုခွဲရောင်းချ
ဒေသခံများ၏ မြေဧကသုံးသိန်းကျော် သိမ်းယူပြီး စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီက ကုမ္ပဏီပိုင်အဆောက်အအုံနှင့် စက်ပစ္စည်းလက်ကျန်များကို သံတိုသံစဝယ်ရောင်းများထံ ရောင်းချလိုက်ကြောင်းသိရသည်။

ကုမ္ပဏီအဆောက်အအုံများကို KIA အဖွဲ့ ဒုတိယအကြိမ် ဖျက်စီးပြီးနောက်ပိုင်းတွင် လေလံအဖွဲ့များထံတွင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒုတိယအကြိမ် ကုမ္ပဏီဖျက်ဆီးခံရပြီးတာနဲ့ လေလံရတဲ့အဖွဲ့က အဆောက်အဦးဖျက်နေပြီ။ သူတို့သံတိုသံစ ရောင်းစားနေတာတော့ကြာပြီ။ အခုအချိန်ဆို ပြီးသလောက်တော့ ရှိတော့မယ်။ အောက်ပိုင်းက သံတိုသံစဝယ်တဲ့သူတွေနဲ့ လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး ရောင်းတာတွေရှိတယ်”ဟု ပြောသည်။
သံချိန်ပိသာတစ်ထောင်ကို စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ဌာနေပြည်သူ့စစ်အတွက် ပေးအပ်ခဲ့ရကြောင်း သူကပြောသည်။
ယုဇနကုမ္ပဏီသည် မြေယာပြဿနာများ၊ မူးယစ်ဆေးဝါးကိစ္စနှင့် ရွှေသတ္ထုတူးဖော်မှုများကြောင့် ဒေသခံများနှင့် ပြေလည်မှုမရှိသဖြင့် KIAအဖွဲ့မှ ယခုနှစ် ဧပြီလ ၁ ရက်နေ့က တစ်ကြိမ်၊ မေလ ၁၉ ရက်နေ့က တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် သွားရောက်ဖျက်ဆီးခဲ့ပြီးနောက် ၎င်းတို့၏ ကုမ္ပဏီအဆောက်အအုံများကို ထုခွဲရောင်းချလိုက်ခြင်းဖြစ်သည်။
KIA အဖွဲ့မှ ကုမ္ပဏီဝင်းအတွင်း မည်သူမှ မနေထိုင်ရန် စာထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်တွင် ယုဇနကုမ္ပဏီဝန်ထမ်းအလုပ်သမားအချို့သည် ကုမ္ပဏီဝင်းအတွင်း နေအိမ်များဆောက်လုပ်ကာ ဈေးဆိုင်များဖွင့်လှစ်ရောင်းချနေကြောင်း သူက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလက သံတိုသံစများသွားကောက်ခဲ့သည့် ဒေသခံများကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ယုဇနကုမ္ပဏီပိုင်ဆိုင်သော မြေယာနှင့် ဆက်စပ်ပစ္စည်းများကို ထိန်းသိမ်းထားမည်ဖြစ်ကြောင်း KIA က ဇွန်လ ၁၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန် သတိပေးထားသည်။
ယုဇနကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူမှာ အသက် ၆၆နှစ်အရွယ် ဦးဌေးမြင့်ဖြစ်ပြီး ၂၀၁၁ခုနစ်မှ ၂၀၁၆ ခုနစ်အထိ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ကြံခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ဖူးသည်။
သင့်ထင်မြင်ချက်ရေးပေးပါ